စေတီတော်ကြီး၏သမိုင်း
မနူဟာဘုရား၏သမိုင်း

ပုဂံပြည်တွင်ဥဒိဿသာသနာ ဗုဒ္ဓရုပ်ပွားတော်များထုလုပ်၍ ဘုရားတည်ခြင်း ကောင်းမှုတစ်ခုထားရှိလိုသော စေတနာဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် မွန်ဘုရင်မနူဟာမင်းကြီးသည် နန်းစဉ်ရတနာ မနောမယ ကြောင်မျက်ရွဲကြီးအား မြင်းကပါ (အနုရာဓ)သူဌေးထံရောင်းချ၍ရရှိသော အသပြာများ (ငွေလှည်းခြောက်စီးတိုက်)ဖြင့် ခရစ်သက္ကရာဇ် (၁၀၆၇)၊ AD(၁၁)ရာစုတွင်မနူဟာဘုရားကြီးကို စတင်တည်ထားခဲ့ပြီး ခရစ်သက္ကရာဇ်(၁၀၆၈) ခုနှစ်တွင် အောင်မြင်စွာ တည်ထားနိုင်ခဲ့သည်။
ဘုရားတည်ရာတွင် ဦးစွာပထမ ဉာဏ်တော် (၃၅)တောင်အမြင့်ရှိသော အလယ် ဆင်းတုတော်တင်ပျဉ်ခွေရုပ်ပွားတော်ကြီးကို ထုလုပ်၍သရီရဓာတ်တော်မွေတော်များ မွမ်းမံဌာပနာပြီးတည်ထားခဲ့ပါသည်။ဒုတိယအနေဖြင့် ဘုရားကြီး၏အနောက်ဘက်တွင် ဉာဏ်တော်(၅၈)တောင် အမြင့်ရှိပြီး ဖဝါးတော်(၇)တောင် (၁)ထွာရှိသော ပရိနိဗ္ဗာန်ပြုဟန် လျောင်းတော်မူရုပ်ပွားဆင်းတုတော်ကြီးအား ထုလုပ်တည်ထားခဲ့သည်။ အရှေ့ဘက်အလယ်ပဓာနဆင်းတုတော်ကြီး၏ဘေး ဝဲ/ယာတွင် ဉာဏ်တော် (၂၉)တောင်စီမြင့်သော ဆင်းတုတော်နှစ်ဆူအား ထုလုပ်တည်ထားခဲ့ပါသည်။ အရှေ့ဘက်ရှိဆင်းတုတော်ကြီးသုံးဆူစလုံး ဘူမိဖဿမုဒြာပုံတော်များဖြစ်ပါသည်။ ရုပ်ပွားတော်များ ထုလုပ်ပြီးသည့် နေ့တွင် ပုဂံထီးနန်းမှ အနော်ရထာမင်းကြီးအား ကြွရောက်စေပြီး မိမိ၏ကောင်းမှုတော် အား ကြည်ညိုစေခဲ့ပါသည်။ မွန်ဘုရင်မနူဟာ၏ ကောင်းမှုတော်ရုပ်ပွား ဆင်းတုတော် များမှာ ပုဂံမြေရှိ ရုပ်ပွားဆင်းတုတော်များတွင် အကြီးမားဆုံး တည်ထားခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။
အမျိုးဂုဏ်ဇာတိဂုဏ်
မွန် ဗမာပေါင်းစည်းမှုလမ်းစကို အနော်ရထာမင်းလက်ထက်က သွယ်ဖောက်ခဲ့ကြသည်။ ကျန်စစ်မင်းလက်ထက်သို့ ရောက်သောအခါမွန် ဗမာသွေးစည်းခဲ့ရုံမက၊ ပျူမွန်၊ မြန်မာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုလမ်းမကြီးအပေါ် လျှောက်လှမ်းလျက် ရှိခဲ့ကြပေသည်။
အလောင်းစည်သူမင်းလက်ထက်တွင်မူ မွန် ဗမာသွေးစတင်နှောလျက် နရပတိ စည်သူမင်းလက်ထက်အထိ မွန် ဗမာသွေးများစီးဆင်းနေဆဲဖြစ်ပါသည်။ မွန်ဗမာ သွေးစည်းညီညွတ်မှုသည် ပုဂံခေတ်ဗမာဘာသာ ဗေဒအက္ခရာအရေးအသား မပေါ်ထွန်းမီအချိန်ကပင် ရှိနှင့်နေသည်ဟုဆိုရမည်။
ပုဂံခေတ်တွင်မွန် ဗမာ ပေါင်းကူးဆက်သွယ်မှုများ ရရှိခဲ့ရုံမျှမက စာပေချင်းလည်းဆက်နွယ်ပေါင်းကူးလာခဲ့သည်။ အနော်ရထာကျန်စစ်မင်းလက်ထက်၌ ပုဂံတွင်
ဦးစွာအသုံးပြုသော ပါဠိစာပေမှ မွန်စာပေကိုပြောင်းလဲအသုံးပြုခဲ့ကြသည်။ အနော် ရထာလက်ထက်တွင် မွန်စာပေကို ပြိုးပြိုးပြောက်ပြောက်သာ စတင်သုံးစွဲစပြုနေပြီး ကျန်စစ်သားလက်ထက်တွင် မွန်စာပေကို နိုင်ငံသုံးအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ မွန်ဘုရင်မနူဟာလက်ထက် သထုံမှ ထေရဝါဒသာသနာနှင့်အတူ မွန်စာပေပါ ပုဂံသို့ ပေါင်းကူးဆက်သွယ် ရောက်ရှိခဲ့သည်ဟု ဆိုနိုင်ပါသည်။
အနော်ရထာသည်မြန်မာ၊ မနူဟာသည်မွန်၊ မွန်ဗမာမင်းနှစ်ပါးပေါင်းစည်းမှုဖြင့် တည်ထားသော မနူဟာဘုရားကြီးသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ မြင်းကပါအရပ်တွင်မှတ်တိုင်အဖြစ် သာသနာနှစ်(၅၀၀၀)တည်တံ့၍အထင်ကရတည်ရှိနေမည် သာဖြစ်ပါသည်။
သာသနာတော်ထွန်ကားပြန့်ပွားမှု
“>ရှင်အရဟံ၏လမ်းညွှန်ပြသမှုများကြောင့် သထုံမှပိဋကတ်သုံးပုံနှင့်ရဟန်းတော် များ၊မွန်ဘုရင်မနူဟာအနွယ်တော်များ စသည်တို့အားပုဂံသို့ပြည်သို့ ယူဆောင်လာပြီးနောက်တွင် ပုဂံပြည်တွင် ထေရဝါဒသာသနာတော်ကို အုတ်မြစ်ချနိုင်ခဲ့ပါသည်။ ပုဂံထေရဝါဒသာသနာ အဦးအစမှတ်တိုင်ကြီးသဖွယ် ဖြစ်လာပါသည်။ ပုဂံထေရဝါဒ သာသနာ မထွန်းကားမီ အချိန်အခါက ပျူလူမျိုးတို့၏သာသနိကအဆောက်အအုံတို့ပြိုးပြိုးပြောက်ပြောက်ရှိခဲ့သော်လည်းထေရဝါဒသာသနာပြန့်ပွားခြင်းမရှိခဲ့ပါ။ အနော်ရထာ အရင်ကျသော ဗူးဘုရားအပါအဝင် ပျူခေတ်ပျူလက်ရာ ပျူအုတ်များနှင့် တည်ထားသည့်ပုထိုးများပုဂံတွင်(၁၉)ရွာဝင် နဂါးစိုး၊ နဂါးကျစ်၊ အနုရာဓ၊ ကျောက်စကားတည်ရာ ဝန်းကျင်တစ်ဝိုက်တွင် (၄၉)ဆူခန့် တွေရသည်။ သို့သော် စစ်မှန်သော ပုဂံပြည်ထေရဝါဒသာသနာသည်အနော်ရထာမင်းလက်ထက်မှ စတင်ထွန်းကားခဲ့ပါသည်။ ထို့ကြောင့် မနူဟာဘုရားကြီးသည် သာသနာ၏အဦးအစမှတ်တိုင်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။
မွန်ဘုရင်မနူဟာသည် ပုဂံပြည်တွင် ထေရဝါဒသာသနာတော် ထွန်းကားပြန့်ပွား လိုသောဆန္ဒဖြင့် မနူဟာဘုရားကြီးကိုတည်ထားခဲ့ပါသည်။ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခြင်းများနှင့်အတူမနူဟာမင်းကြီး၏ ကောင်းမှုတော်ဘုရားကြီးကို ယနေ့တိုင် ကြည်ညိုဖွယ်ဖူးမြော်နိုင်ပါသည်။ မွန်-ဗမာမင်းနှစ်ပါးတို့၏ ပေါင်းစည်းမှုလက်ရာကို ပုဂံထေရဝါဒသာသနာ၏ အဦအစနမူနာစံပြလက်ရာကို တွေ့မြင်နိုင်ပါသည်။ ပုဂံခေတ်မှ ယနေ့အချိန်ထိ မနူဟာဘုရားကြီးနှင့်ပတ်သက်၍ သမိုင်းအထောက်အထားများ၊ ယဉ် ကျေးမှု အမွေအနှစ်များ၊ ပုဂံခေတ်လူမျိုးတို့၏ လူနေမှုဓလေ့စရိုက်များ၊ ပုဂံထေရဝါဒ သာသနာမှ ယနေ့ခေတ် ထေရဝါဒသာသနာတော်အထိ အဆင့်ဆင့် ပြန့်ပွားစီးဆင်း လာပုံများကိုလေ့လာတွေ့ရှိနိုင်ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved