ပန်း(၁၀)မျိုး
မွန်ဘုရင်မနူဟာ ဘုရားတည်မှတ်တမ်းဖော်ပြချက်တွင် ကျောက်စာအရ အလယ် ဆင်းတုတော်ကြီး၏ ဘေးဘက်ဝဲ/ယာရှိ ဆင်းတုတော်နှစ်ဆူနှင့် ဂန္ဓကုဋိဂူလှိုဏ်ကြီး များတည်ဆောက်မှုတို့ကိုမူ ဖော်ပြမှတ်တမ်းတင်ခြင်းမရှိခဲ့ပါ။ ဗိသုကာလက်ရာများ တိုးတက် ပြောင်းလဲမှုဖြစ်စဉ်အရ မနူဟာဘုရားကြီး တည်ဆောက်ချိန်တွင် ဂူ၊ ပုထိုး၊ ဂူဘုရား၊ ဂူကျောင်း စသည့် ဗိသုကာလက်ရာများ တည်ဆောက်နိုင်စွမ်းမရှိသေးချေ။ ယေဘုယျ အားဖြင့် ပုဂံခေတ် ဗိသုကာတည်ဆောက်မှုဖြစ်စဉ်၌ မတွေ့ရှိရပါ။
အလယ်ဆင်းတုတော်ကြီး၏ ဘေးဘက်ဝဲ/ယာရှိ ဆင်းတုတော်ကြီးနှစ်ဆူမှာ နောက်ထပ်ဖြည့်စွက်၍ ထုလုပ်ထားခြင်းဖြစ်နိုင်ပါသည်။ နောက်ထပ်အလှူရှင်သည် ဝဲ/ယာဆင်းတုတော်ကြီးနှစ်ဆူအား ထုလုပ်ကိုးကွယ်မှုနှင့်တစ်ပြိုင်နက် မနူဟာမင်းကြီး၏ကောင်းမှုတော် ဆင်းတုကြီးနှစ်ဆူအပါအဝင် ဆင်းတုကြီး(၄)ဆူစလုံး နေ၊ မိုးမထိရောက် စေရန် ကျောင်းဆောင်လိုဏ်ဂူတော်ကြီးကိုလည်း တည်ဆောက်ခဲ့ဟန်ရှိပါသည်။ ဆင်းတုတော်(၄)ဆူအားခြုံငုံမိအောင် နောက်မှဆောက်လုပ်ရသည့် ဗိသုကာလက်ရာ များအချိုးစနစ်တကျ ဖြစ်မလာနိုင်ပါ။ ထိုသို့ကျောင်းဆောင်လှိုဏ်ဂူကြီးအဖြစ် တည် ဆောက်ခဲ့သည့်အတွက် ဆင်းတုတော်ကြီး၏ ကိုယ်လုံးတော်မှာ ဂူလိုဏ်အတွင်းတွင် ကျဉ်းကြပ်သည့်အနေအထားသို့ ဖြစ်ပေါ်စေခဲ့ပါသည်။
အလယ်တိုက်မကြီးအပေါ်ပိုင်း အရှေ့ဘက်၊ အနောက်ဘက် နံရံပတ်လည်တွင် ပုဂံခေတ်က နဖူးစီးပတ်လည် ပန်းတန်းအဖြစ် ဘီလူးပန်းဆွဲ(ကိတ္တိမုခ) အင်္ဂတေတို့ဖြင့် ရုပ်ကြွများ ဆင်သထားလေ့ရှိပါသည်။ ယခုလက်ရှိ အပေါ်တိုက်မ အနောက်ဘက်နံရံရှိ အင်္ဂတေရုပ်တုလက်ရာများမှာ ပုဂံခေတ်ဘီလူးပန်းဆွဲ လက်ရာမျိုးမဟုတ်ပါ။ အင်းဝ ခေတ်၏ စေတီ သပိတ်မှောက်တို့တွင် ဆင်သလေ့ရှိသော ဘီလူးပန်းကိုင်အင်္ဂတေပန်း လက်ရာများ ဖြစ်နေပါသည်။ လက်ရှိမနူဟာဘုရားကြီးမှာ ခေတ်အဆက်ဆက် ပြုပြင် တည်ဆောက်မှုများကြောင့် ပုဂံခေတ်အခြားဂူဘုရားများနှင့်မတူ တစ်မူထူးခြားသော ဗိသုကာအလုပ်အဆောင်များနှင့် ကြီးမားဆန်းပြားသော ဂူဘုရားကြီးအသွင်ကို တွေ့မြင် နေရခြင်းဖြစ်ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved