ဘုရားဖူးလမ်းညွှန်

မနူဟာဘုရားကြီးတည်ရှိရာ မြင်းကပါအရပ်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံမြို့ဟောင်းတောင်ဘက် ညောင်ဦး -ချောက်သွားကားလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ရွာအနီးဝန်းကျင်တွင် ရှေးဟောင်းဘုရား စေတီ ပုထိုး(၁၁)ဆူခန့်ရှိပါသည်။
                    မြောက်ဘက်ရွာအဝင် ကားလမ်းအရှေ့ဘက်တွင် ဂူပြောက်ကြီးဘုရား၊ မြစေတီ ဘုရား၊မြင်းကပါပုထိုးကြီး စသည့် ဘုရားများကို ဖူးမြှော်လေ့လာနိုင်ပါသည်။ ရွာအရှေ့ ထိပ်တွင် ရွှေစေတီဘုရားတည်ရှိပြီး ရွာတောင်ဘက်တွင် ဥတ္တမဘုရားနှင့် ငွေစေတီ ဘုရားတို့ရှိပြီး မနူဟာဘုရားကြီးတောင်ဘက်တွင် ဖြတ်စရွှေဂူဘုရားစုတို့ တည်ရှိသည်။မြင်းကပါရွာတောင်ဘက်မနီးမဝေးတွင်နဂါးရုံဘုရားနှင့်အပယ်ရတနာဘုရားစသည့်ရှေးဟောင်းဘုရားစေတီပုထိုးများကိုသွားရောက်၍ဖူးမြော်လေ့လာနိုင်ပါသည်။
         နန်းဘုရားမနူဟာဘုရားကြီး၏ အနောက်တောင်ဘက်တွင် သဲကျောက်များဖြင့် တည်ထား ခဲ့သော နန်းဘုရားရှိပါသည်။ သဲကျောက်ဖြင့်တည်ထားသော ဘုရား(၄)ဆူရှိရာတွင် နန်းဘုရားသည်လည်း တစ်ဆူအပါအဝင်ဖြစ်ပါသည်။
                    ခရစ်သက္ကရာဇ်၁၁၈၈ အေဒီ(၁၂)ရာစုတွင် မြေးတော်နာဂသမန်းသည် မိမိ၏ ဘိုးတော်၊ မနူဟာမင်း၏နန်းတော်နေရာကို နောင်လာ နောက်သားတို့မှတ်သိကြစေရန် ခြူးပန်း၊ ခြူးနွယ်၊ ကျောက်ပန်း ကျောက်ခတ်တို့ကို ဆန်းကျယ်စွာထုလုပ်၍ နန်းဘုရားကို တည်ထားကိုးကွယ်ခဲ့ပါသည်။ နန်းဘုရားလိုဏ်အတွင်း၌ ဦးခေါင်းသုံးလုံးပါ ကျောက်ထွင်း ရုပ်ကြွများ၊ ဘီလူးပန်းဆွဲများသည် ပန်းတမော့လက်ရာများ လွန်စွာကောင်းမွန်လှပါသည်။

နန်းဘုရားပုံများ

မနူဟာဘုရားကြီးတည်နေရာ

မနူဟာဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာ၊ ညောင်ဦး-ချောက်သွား ကားလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။

ကြေညာချက်များ

မနူဟာဘုရားကြီးသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ထင်ရှားသည့် ဘုရားတစ်ဆူဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့များနှင့်အညီ ဘုရားဖူးပြည်သူများ လွတ်လပ်စွာ ကြည်ညိုဖူးမြော်နိုင်ပါသည်။ ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့် ဝတ်စားဆင် ယင်မှုများဖြစ်သည့် စကပ်တို၊ ဘောင်းဘီတိုများနှင့် ဖူးမြော်ခြင်းမပြုရန်၊ ရင်ပြင်တော် အပေါ်တွင် မူးယစ်သောက်စားခြင်းများမပြုလုပ်ရန်၊ ဖိနပ်မစီးရန်၊ ဆူညံစွာအော်ဟစ် စကားပြောခြင်းများမပြုလုပ်ရန် စသည့် ကြေညာချက်များနှင့် ဒေသဆိုင်ရာ အမိန့်များ ကို ကြေညာချက်ဆိုင်းဘုတ်များဖြင့် ကြေညာထားရှိပါသည်။

ဖူးမြော်လေ့လာရန်နေရာများ

မနူဟာဘုရားကြီးအနီးရှိ ဖူးမျော်လေ့လာရန်နေရာများအကြောင်းဖတ်ရှုလိုပါက အောက်ပါ ခလုတ်ကိုနှိပ်၍ဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်ရန်

မနူဟာဘုရား နှင့် ပတ်သက်၍ တင်ပြချင်သောအရာများရှိလျှင်သော်လည်းကောင်း၊ သိလိုသောအကြောင်းအရာများရှိလျှင်သော်လည်းကောင်း စေတီတော်ကြီး၏တာဝန်ရှိသူများထံသို့ဆက်သွယ်နိုင်ပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved