ပွဲတော်များ
မနူဟာဘုရားပွဲတော်
မနူဟာဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တော်သလင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိပါသည်။ ဘုရားပွဲအဝင် အဖိတ်နေ့ညနေ(၃)နာရီအချိန်တွင် ဘုရားဆိုင်ရပ်ကွက် ကြီး(၃)ခုနှင့်ဘုန်းတော်ကြီးကျောင်းများမှ ပျော်ပွဲရွှင်ပွဲအဖြစ် အရုပ်သွင်းခြင်း၊ လှည်းပွဲလှည့်ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဦးစွာ ရပ်ကွက်နေလူငယ် များမှဘုန်းကြီးကျောင်းများတွင် ဝါးနှီးတို့ဖြင့်ပြုလုပ်သည့် ဆင်ရုပ်၊ မြင်းရုပ်၊ကျားရုပ်၊ ကျွဲရုပ်၊ သမင်ရုပ်၊ ခြင်္သေ့ရုပ်၊ နတ်ရုပ်၊ သိကြားရုပ်၊ လူရုပ်၊ မင်းသားရုပ်၊ မင်းသမီးရုပ်များစသည်ဖြင့်ပြုလုပ်ပြီး တစ်နှစ်တစ်မျိုးမရိုးအောင် အရုပ်များပြုလုပ်ကာ အိုးစည်၊ဒိုးပတ်၊ ရစ်ကွင်းတို့ကိုတီး၍ အရုပ်သွင်းလေ့ရှိကြပါသည်။
ဘုရားဆိုင်ရပ်ကွက်(၃)ခုကလည်းဘုန်းကြီးကျောင်းအရုပ်များသွင်းပြီးချိန်နှင့် အဆက်မပြတ် ရပ်ကွက်အလိုက်ရှေ့နောက်ခြား၍ ဇာတ်နိပါတ်တော်များမှ နှစ်သက်ရာ ဇာတ်တော်တစ်ခုခုကို ဇာတ်ရုပ်များကဲ့သို့အသက်ဝင်အောင် ဝတ်ဆင်ပြီးအဆို၊ အက၊ အငိုအပြောတို့ဖြင့် တင်ဆက်ပူဇော်ကပြပြီးနိပါတ်ခင်းဓလေ့ကိုခင်းကျင်းပြသကြပါသည်။ ဘုရားပွဲ မရောက်မီသက်ဆိုင်ရာရပ်ကွက်တို့မှ ရွာထဲတွင်အကြိုတစ်ညစီကပြလေ့ရှိပါသည်။ဘုရားပွဲနေ့တွင် အရုပ်သွင်းများ၊ နိပါတ်ခင်းခြင်းများ လှည့်နေချိန်တွင် မနူဟာ ဘုရားကြီး၏ရင်ပြင်တော်တွင် ကွင်းအပြည့်၊ကားလမ်းများပိတ်သည်အထိ ရပ်နီးရပ်ဝေးမှ ဘုရားဖူးများ၊ ကြည့်ရှုသူများဖြင့် တိုး၍မရအောင် စည်ကားလှပါသည်။
မနူဟာဘုရားပွဲတော်၏မှတ်တမ်းဓာတ်ပုံများ
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved