ပွဲတော်များ

ထီးလိုမင်းလိုဘုရားပွဲတော်

ထီးလိုမင်းလိုဂူလွှတ်ဘုရားပွဲတွင် နားတောင်းများမင်းကြီးသည် ကချေသဘင်ပွဲခံ၍ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားကျင်းပခဲ့ပြီး မင်း၊ မိဖုရား၊ မင်းသား၊ မင်းသမီး၊ အမတ်၊ ဗိုလ်ပါ၊ သူဌေး၊ သူကြွယ်၊ သံပျင်ကလန်မကျန် မင်းခမ်းမင်းနားဖြင့် ရောက်ရှိလာကြပြီး နားတောင်းများမင်းကြီး ရွှေစမခန်၊ ငွေစမခန်၊ ရွှေတန်ဆောင်၊ ငွေတန်ဆောင်များဖြင့် ဂူတော်ကြီး အား လက်ယာရစ် လှည့်လည်ပူဇော်လေသည်။ ထို့နောက် နားတောင်းများမင်းကြီးသည် မှူးမတ်ဗိုလ်ပါ၊ သံပျင်ကလန်၊ သူဌေးသူကြွယ်တို့ကို အသိသက်သေပြု၍ ဘုရားကျွန်များ၊ လယ်များ၊ လှူဒါန်းကာ ရေစင်သွန်း(ရေစက်ချ) အမျှပေးဝေခဲ့လေသည်။
          နားတောင်းများမင်းကြီးလွန်သော် နရသိင်္ဃဥဇနာမင်း၊ ကျစွာမင်း စသည့် သား/သမီး၊ မြေး၊ မြစ်များက ခမည်းတော်ကြီး၏ကောင်းမှုတော် ထီးလိုမင်းလိုဘုရားကြီးအား ဆက်လက်မွမ်းမံ ပြုပြင်၍ ဘုရားပွဲများ ဆက်လက်ကျင်းပကာ ပြုလုပ်ခဲ့ကြပါသည်။
          နားတောင်းများမင်းကြီး အမှူးပြုပြီး ဆွေတော်မျိုးတော်များ အစဉ်အဆက်ကျင်းပလာ သော ထီးလိုမင်းလိုဘုရားပွဲကြီးကို ဆက်လက်ကျင်းပခဲ့သည်မှာ ၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၃၆၉)ခု၊ တပို့တွဲလဆန်း(၇၊ ၈)ရက်နေ့တွင် ဗုဒ္ဓဘိသေကပူဇော်ပွဲ ပြန်လည်ဖြစ်မြောက်ခဲ့ ပါသည်။ ဘုရားဂေါပကအဖွဲ့နှင့် ဘုရားကြီးရှိ ဈေးဆိုင်မိသားစုတို့မှ ဦးဆောင်ကာ တောင်ဘီ၊ ဝက်ကြီးအင်း၊ ညောင်ဦးမှ ဗုဒ္ဓဘာသာဝင်များက စုပေါင်း၍ နှစ်စဉ်ဘုရားပွဲတော် ကျင်းပကြပါသည်။ ယခုအခါ ထီးလိုမင်းလိုဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပပြုလုပ်လာခဲ့သည်မှာ (၁၇) ကြိမ်ရှိခဲ့ပြီဖြစ်ပါသည်။ 

ထီးလိုမင်းလိုဘုရားပွဲတော်ကျင်းပပုံ

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top