ဖူးမြော်လေ့လာရန်နေရာများ

ထီးလိုမင်းလိုဂူတော်ကြီးမှာ အရှေ့ဘက်မျက်နှာလှည့်ဖြစ်ပြီး အောက်ထပ်အရှေ့ဘက် မျက်နှာတွင်ဉာဏ်တော် (၁၈)ပေခန့်ရှိ ထိုင်တော်မူဆင်းတုတော်ကြီး (ပြုပြင်ထားပြီး) တစ်ဆူ၊ တောင်ဘက်တွင် ဉာဏ်တော်(၇)ပေခန့်ရှိ ထိုင်တော်မူဆင်းတုတော် (ပြုပြင်ထားပြီး) တစ်ဆူ၊ အနောက်ဘက်တွင်ဉာဏ်တော်(၇)ပေခန့်ရှိထိုင်တော်မူဆင်းတုတော်(ပြုပြင်ထားပြီး) တစ်ဆူနှင့် မြောက်ဘက်တွင်ဉာဏ်တော်(၉)ပေခန့်ရှိ (ပြုပြင်ထားပြီး)ထိုင်တော်မူ ဆင်းတုတော် တစ်ဆူ တို့ကို ဖူးမြော်နိုင်သည်။

မြောက်ဘက်မျက်နှာရှိ ထိုင်တော်မူဆင်းတုတော်ကြီး

အပေါ်ထပ်လိုဏ်ဂူကြီးအတွင်းဘက် အရှေ့မျက်နှာ၌ (၁၇)ပေခန့်ရှိ (မူလလက်ရာကျန်ရှိ) သော ဆင်းတုတော်ကြီးကို ဖူးတွေ့နိုင်သည်။ ပြုပြင်စဉ်က မူလအဝတ်များကပ်ထားသည်ကို တွေ့ရသည်။ တောင်ဘက်မုခ်၊ အနောက်ဘက်မုခ်၊ မြောက်ဘက်မုခ်တို့တွင် (၅)ပေခန့်ရှိသော ဆင်းတုတော်(၁)ဆူစီကို လှည့်လည်ဖူးမြော်နိုင်သည်။

အပေါ်ထပ် အရှေ့မျက်နှာရှိ (၁၇)ပေခန့်ရှိ မူလလက်ရာကျန်ရှိသော ဆင်းတုတော်ကြီး

လေးမျက်နှာမှ ကွမ်းတောင်ခြေထိ တက်ရောက်နိုင်ရန်၊ ပစ္စယာ(၃)ဆင့် အလယ်မှ နတ်လှေကား (၃)ဆင့်စီရှိသည်။ တစ်ဆင့်လျှင် ပတ်လမ်းမြှောင်များ ပြုလုပ်ထားသဖြင့် အရပ်လေးမျက်နှာသို့ လှည့်ပတ်ကြည့်ရှုနိုင်သည်။ ဒုတိယထပ်တွင် ဂူလိုဏ်အပြင်ပတ်ပတ်လည် (၁၀)ပေခန့် စင်္ကြန်အကျယ်ရှိသည်။ ထိုစင်္ကြန်ကျယ်မှ လှည့်ပတ်၍ ဂူတော်ကြီးအပြင် ပတ်လည်ရှိအင်္ဂတေပန်းလက်ရာ အလှအပများကို လေ့လာကြည့်ရှုနိုင်သည့်အပြင် ပတ်ဝန်းကျင်အနီးအဝေးရှိပုဂံဘုရားများကိုလည်း ဖူးမြော်နိုင်ပါသည်။

အပေါ်ထပ်လိုဏ်ပတ်လမ်းမှ ပုဂံဘုရားများရှုခင်းပုံ

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top