ပန်း(၁၀)မျိုး

ထီးလိုမင်းလိုဘုရားကြီးသည် (၂)ထပ်ဂူစေတီအမျိုးအစားဖြစ်ပြီး ဉာဏ်တော်အမြင့် (၁၈၀)ပေ၊ အောက်ခံတိုက်မ တစ်ဖက်လျှင် (၁၄၀)ပေစီရှိပြီး အထက်လိုဏ်ဂူတော် မျက်နှာစာ တစ်ဖက်လျှင် (၁၂၀)ပေ အကျယ်ရှိပါသည်။ ထီးလိုမင်းလိုဘုရားတွင် အပေါ်ဆင့်နှင့် အောက်ဆင့်ပါ ပစ္စယံပေါင်း(၇)ဆင့်ရှိပါသည်။ စေတီရံပေါင်း၊ မုခ်ခုံးများပေါ်ရှိ စေတီရံများအပါအဝင် (၂၈)ဆူ ရှိပါသည်။ အောက်ဆင့်တွင် မုခ်ကပ်ပေါင်း (၂၂)၊ အပေါ်လိုဏ်ပတ်လည်ရှိ မုခ်ကပ်ပေါင်း (၃၆) ရှိပါသည်။ ယခင်က မုခ်ကပ်များအတွင်း၌ သဲကျောက်ဆင်းတုများရှိခဲ့သည်။ အချို့ဦးခေါင်း တော်များမရှိတော့ပါ။ အားလုံးသော သဲကျောက်ဆင်းတုများမှာ ယခုပုဂံပြတိုက်၌ ရွှေ့ပြောင်း ထိန်းသိမ်းထားပါသည်။ ယခုအခါ ဗုဒ္ဓဆင်းတုများ အသစ်ပြုလုပ်၍ အစားထိုးထည့်သွင်း ပူဇော်ထားပါသည်။
မုခ်ကပ်များအထက်တွင် ပုံစံငယ် ဂူဘုရားများပုံ ပြုလုပ်ထားပါသည်။ ပစ္စယံ(၃)ဆင့်နှင့် မုခ်တံကဲပုံအထက်၌ ဆတ္ထဝလီခေါ် ထီးဆင့်ပုံနှင့် ဝရ်ပသ္တာလခေါ် အထွတ်ပုံများရှိပါသည်။ ပုဂံဘုရားများ၏ ထီးဆင့် (ဖောင်းရစ်ပိုင်း)၊ အထွတ်(ခရေသီး) အပြည့်အစုံကို နမူနာအဖြစ် တွေ့ရှိနိုင်ပါသည်။

မြောက်ဘက်မျက်နှာရှိ ထိုင်တော်မူဆင်းတုတော်ကြီး

အပေါ်ထပ်သို့ တက်ရန်ဆင်းရန် အောက်ထပ်ရှိ တိုက်မအရှေ့ဘက်အတွင်းနံရံကို ဖောက်လုပ်ထားသော ကြောင်လိန်လှေကားတို့မှ တက်သွားပါက အရှေ့ဘက်အာရုံခံ အမိုး ပေါ်သို့ ရောက်ပြီး ထိုမှတဆင့် အပေါ်ထပ်လိုဏ်ဂူရင်ပြင်သို့ တက်ရောက်ရန် အုတ်လှေကားများ ပြုလုပ်ထားသည်။                                                                                                                           ကွမ်းတောင်ပိုင်းတွင် ယခုခေတ် Reinforcement လုပ်သကဲ့သို့ (၁)ပေမှ (၁)ပေ (၆)လက်မ ရှည်သော လေးထောင့်သံချောင်းများကို ပတ်လည်စိုက်၍ ကွမ်းတောင်အစိတ်အစိတ် ခလုတ် များ ပြုလုပ်ထားသည်ကို ငလျင်လှုပ်သဖြင့် ပြုပြင်စဉ်က တွေ့ရှိရပါသည်။                                                                                                                                                                 မူထူးခြားစွာလုပ်ထားသည်မှာ မုခ်များ၏ အထက်တွင် လိုဏ်ပါသော စေတီတစ်ဆူစီ ပေါက်ထားပါသည်။ တောင်ဘက်၊ မြောက်ဘက်၊ အနောက်ဘက်တို့တွင်ရှိသော စေတီများ၏ ဝဲယာတွင် အစောင့်နတ်ရုပ်များ မူလကရှိခဲ့သည်။ ယခုအောက်ပိုင်းများသာ ကျန်တော့သည်။ အောက်မုခ်ကြီးများ၏ ဝဲယာတွင်လည်း တံခါးစောင့်ဒွါရပါလရုပ်များကို သဲကျောက်ဖြင့် ပြုလုပ်ထားသည်။

ဒွါရပါလနတ်ရုပ်

၎င်းတို့၏ ခုံအောက်ခြေ၌ ခိုနန်းချိုးများကို ကျောက်တစ်တုံးတည်းဆစ်၍ ပြုလုပ်ထားပါသည်။ ဘုရားတွင်သုံးသော အုတ်အရွယ်အစားမှာ အလျား(၁၄)လက်မ၊ ဗျက်(၇.၅) လက်မ၊ ထု (၁.၇၅) လက်မရှိပါသည်။ ရင်ပြင်တော်တွင် ခင်းထားသော အုတ်များမှာ အလျား (၁၆)လက်မ၊ ဗျက် (၇.၇၅)လက်မ၊ ထု(၁.၇၅) လက်မရှိပါသည်။
ထီးလိုမင်းလိုဘုရားကြီး၏ ထူးခြားချက်တစ်ခုမှာ အရှေ့မျက်နှာမှအပ ကျန်သောမျက်နှာရှိ မုခ်ကြီးများ၏ ဝဲယာရှိ လေးထောင့်ပေါင်းကူးများဖြစ်သည်။ အကျယ်(၄)ပေ (၉)လက်မရှိသော ပေါင်းကူးများသည် သံ၊ သစ်သားမပါ အုတ်ချည်းသက်သက်ကူးထားပါသည်။ ၎င်းအထက်တွင် ရောင်ခြည်ဖြာပေါင်းကူးဖြင့် အကူပေါင်းကူး ထည့်ထားပါသည်။ လေးထောင့်ပေါင်းကူးတွင်အင်္ဂတေအချို့ မူလလက်ရာကျန်ပါသည်။ နှစ်(၂၀၀)တွင် တစ်ကြိမ်ခန့် ငလျင်ကြီးများ အကြိမ်ကြိမ် လှုပ်ခတ်ခဲ့သော်လည်း လေးထောင့်ပေါင်းကူးမှ အင်္ဂတေများကွာ၍ မကျခြင်း၊ အုတ်များထွက်၍ မကျခြင်းတို့ကြောင့် အံ့ဩဖွယ်ကောင်းလှအောင် အုတ်စီးအုတ်နင်းပုံ ကောင်းလှပေသည်။ တစ်ဖန် အုတ်စီလက်ရာအကောင်းဆုံးရှိသော ဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်သည်။ အုတ်တစ်ချပ်နှင့်တစ်ချပ်ကြားတွင် အပ်ထိုး၍ပင်မရအောင် ကောင်းလှပေသည်။ မြေနီဖြင့် စီထားသော်လည်း အုတ်စီးအုတ်နင်းကောင်းခြင်း၊ စေ့နေအောင်စီခြင်းတို့ကြောင့် ချီးကျူးဖွယ် ကောင်းလှပေသည်။

အုတ်စီးအုတ်နင်းပုံ

ထီးလိုမင်းလိုအာရုံခံကို အကျယ်(၂၄)ပေထိ သစ်သား၊ သံမပါ၊ အုတ်ချည်းသက်သက် ကူးထားသည်မှာ အံ့ဩဖွယ်ကောင်းပါသည်။ မျက်နှာကျက်ကိုလည်း ပန်းချီများဆွဲထားသည်မှာ အံ့ဩဖွယ်ကောင်းပြီး မူလဆေးရေးများ ကျန်ရှိနေပါသေးသည်။

မျက်နှာကျက်ရှိ မူလဆေးရေးပန်းချီများ

အပေါ်ထပ်လိုဏ်ဂူ၏ တောင်ဘက်၊ အနောက်ဘက်၊ မြောက်ဘက်မျက်နှာတို့တွင် အဝင် အထွက် မုခ်(၃)မုခ်အပြင် အလင်းရောင်နှင့် လေဝင်လေထွက်ပေါက်အဖြစ် တစ်ဖက်လျှင် ပြတင်းမုခ်(၂)ခုစီရှိသည်။ တိုက်မလိုဏ်အတွင်း လက်ယာဘက်နံရံထုကို ကြောင်လိမ်လှေကား ငယ် ဆောက်လုပ်ထားပြီး အပေါ်ဆုံး ကွမ်းတောင်ခြေထိ တက်ရောက်နိုင်ရန် ပြုလုပ်ထားသည်။ ထိုကြောင်လိမ်လှေကားမှ တက်ရောက်သွားလျှင် အပေါ်ထပ်အာရုံခံအမိုးပေါ်သို့ ရောက်ရှိပေမည်။ အပေါ်ထပ်လိုဏ် တိုက်မပတ်လည်တွင် စိန်တန်း ပစ္စယာ(၃)ဆင့် တပ်ထားသည်။ ထိုစိန်တန်း(၃) ဆင့် ထောင့်(၄)ဖက်၌ စေတီရံ (၁)ဆူစီ (၃)ဆင့် ပေါက်ထားသည်။ ယင်းပစ္စယာ(၃)ဆင့် အထက်ဆုံးမှ ရှစ်မြှောင့်ခိုနန်းချိုးပုံခံပြီး ကွမ်းတောင်ကြီးတက်၍ စေတီလက်တံပေါက်ပြီး အထွတ် တင်၍ ထီးတော်တင်လှူထားသည်။

ထီးလိုမင်းလိုဘုရားကြီး၏ ထီးတော်ပုံ

ထီးလိုမင်းလိုဘုရားကြီးမှာ လိုဏ်(၃)ဆင့် ဘုရားများစာရင်းတွင် ထည့်သွင်းသင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အလယ်တွင် မှောင်ပတ်လမ်းတစ်ခုရှိရာ ထိုလိုဏ်မှာ လူတိုင်းမသိရှိ  ကြပါ။ အုတ်ခိုရန်နှင့် အောက်တည့်တည့်ရှိ လိုဏ်ပတ်လမ်း၏ အထက် အမိုးပေါင်းကူးမှာ အနည်းငယ်အလေးချိန်သာ ထမ်းထားရပါသည်။ အကယ်၍ ဂင်းပိတ်အပြည့်ပြုလုပ်ထားပါက အလေးချိန်ထုကြီးကို ထမ်းနေရပါလျှင် လေးလံသောဒဏ်ကြောင့် ကြာရှည်ခံမည်မဟုတ်ပါ။ ထို့ကြောင့် ကြာရှည်ခံနိုင်စေရန်၊ အုတ်ခိုရန်နှင့် အလေးချိန်လျော့စေရန် အလယ်ထပ်၌ မှောင်ပတ်လမ်းပြုလုပ်ထားခြင်းဖြစ်ပါသည်။ ထိုမှအပ ထောင့်တိုင်းတွင် အတိုးအတိုက်ခံနိုင်စေရန် ထောင့်ချုပ်စိန်တောင်များ တပ်ထားပါသည်။

ထောင့်ချုပ်စိန်တောင်ပုံ

တိုက်မနှင့် အာရုံခံတို့၏ ထောင့်တိုင်း၌ (၄)ပေခြားစီ သဲကျောက်များကို ကျဉ်တွယ် ပုံထွင်း၍ ထောင့်ချုပ်ပါသည်။ တဖန် အောက်ဆင့်၊ အထက်ဆင့်တို့၏ နံရံအထက်ပိုင်းများ၌ အမြင့်(၁၀)လက်မ၊ အတွင်းဝင် (၁)ပေ (၆)လက်မရှိ ဖောင်းလုံးတန်းများပြုလုပ်၍ ချင်မိတ် တိုးပတ်လည်၌ ပင့်ခံထားပါသည်။ အုတ်ဖြစ်ပါက ကျိုးနိုင်သဖြင့် သဲကျောက်တုံးရှည်ကြီးများ ကို နံရံ၌မြှုပ်၍ အဖျားပိုင်းထုတ်ပြီး တိုးလာသော Projecting Cornice တို့ကို ပင့်ခံထားခြင်း ဖြစ်သည်။ ယင်းအပင့်နေရာတွင် အုတ်သုံးပါက အလျားတို၍ လွယ်ကူစွာ ကျိုးနိုင်သဖြင့် ကျောက် များကို သုံးထားခြင်းဖြစ်ပါသည်။

သဲကျောက်ထောင့်ချုပ်ပုံ

အောက်ချင်မိတ်တိုးတို့၏ အောက်ဘက်တို့၌ အုတ်ဆက်လွှဲရန်အတွက် သဲကျောက်(၁) တုံးတည်းကို တဝက်ထစ်၍ ထားပါသည်။ ဤသို့ ထစ်ထားခြင်းအားဖြင့် အုတ်(၁)ချပ်တိုး၍ စီထားသကဲ့သို့ ဖြစ်နေပြီး အခြားအုတ်များနှင့် အဆက်လွှဲရာရောက်ပေသည်။ အကယ်၍ အဆက် ကိုမလွှဲပဲ တစ်တန်းတည်းထားမည်ဆိုပါက ကြာရှည်တည်တံ့ခိုင်မြဲမှုမရှိပဲ ကျိုးပြတ်သွားနိုင်ပါ သည်။ မူလအချိန်က ချင်မိတ်တိုးသဲကျောက် ထောင့်တိုင်းတွင် ဘီလူးရုပ်များဖြင့် တန်ဆာဆင် ထုဆစ်ထားပါသည်။ အပေါ်ပိုင်းစိန်ထောင်မှာ ဘီလူးဦးခေါင်းဖြစ်ပြီး၊ အောက်ပိုင်းမှာ ဘီလူး မုတ်ဆိတ်ဖြစ်ပါသည်။ ယခုအခါ ကာလအတန်ကြာပြီဖြစ်သဖြင့် ပျက်စီးကာ အရာသာမြင်တွေ့ ရပေတော့မည်။ မူလပုံစံအနေအထားကို စူဠာမဏိဘုရား အနောက်ဘက်မုခ် အဝင်၏ တောင် ဘက်ဘေးတွင် တွေ့နိုင်ပေသေးသည်။ 
          ထီးလိုမင်းလိုဂူတော်ကြီး အထက်ဆင့်နှင့် အောက်ဆင့်တိုက်မတို့၏ အပြင်လေးမျက်နှာတွင် လှပသော အင်္ဂတေပန်းလက်ရာများကို တွေ့မြင်နိုင်သည်။ ဘီလူးပန်းဆွဲများ၊ တိုင်ဖုံးပန်းများ၊ကြာမှောက်/ကြာလှန်များကို အသေးစိတ်၊ အနုစိတ်ထုလုပ်ထားသည်။ ပုဂံတွင် အင်္ဂတေပန်း အလှပဆုံးရှိသော ဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်သည်။ ဂူတော်ကြီး၏ အထက်အောက်မှန်ကွက် စိန်တန်းမှန်သမျှတွင် အစိမ်းရောင်၊ အဝါရောင်ရှိသော စဉ့်ကွက်များဖြင့် တန်ဆာဆင် ထားပါသည်။ သဲကျောက်ပြားပေါ်တွင် စဉ့်သုတ်သည့် ဘုရားလေးဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည်။ ထူးခြားသည်မှာ အောက်ခြေလေးထောင့်မှန်ကွက်များအတွင်းရှိ စဉ့်သုတ်ကျောက်ပြားများတွင် အစိမ်းနှင့် အဝါကိုအသုံးပြုပါသည်။ စဉ့်ချပ်အလယ်လေးထောင့်ကွက်တွင် အဝါရောင် စဉ့်သုတ်ပြီး ကျန်နေရာတွင် အစိမ်းရောင်သုတ်ပါသည်။

စဉ့်သုတ်ကျောက်ပြားပုံ

အပေါ်ပစ္စယံအဆင့်ဆင့်ရှိ စိန်တန်းများတွင် တန်ဆာဆင်ထားသော ကျောက်ပြားများမှာ အလယ်သုံးထောင့်ပုံတွင် အဝါရောင်စဉ့်သုတ်ပြီး ဘေးတွင် စဉ့်စိမ်းရောင် သုတ်ထားပါသည်။ စဉ့်သုတ်ချပ်များမှာ နေရောင်တွင် တစ်ဖိတ်ဖိတ်တောက်၍ အလွန်ကြည့်ကောင်းပါသည်။ ယခုအချိန်ထိ နှစ်ပေါင်း (၇၀၀)ကျော်တိုင်အောင် တောက်ပနေပါသေးသည်။
          ထီးလိုမင်းလိုဂူဘုရားကြီး တည်ဆောက်မှုဗိသုကာတွင် ထူးခြားမှုနှစ်ရပ်ကို လေ့လာ တွေ့ရှိရသည်။ ယင်းတို့မှာ-
(၁) အရှေ့မျက်နှာအာရုံခံအဝင် မုခ်မျက်နှာပြင်ကို မူလကပင် အင်္ဂတေစွဲစေရန်၊ အုတ်ချပ်များအတွင်းသို့ သံမှို(သံချောင်း)များ ရိုက်သွင်းပြီး အပေါ်မှနေ၍ အချောကိုင် ထားပုံကို ရှားပါးစွာတွေ့မြင်နိုင်သည်။         
(၂) ဒုတိယထပ်ရှိ အရှေ့ဘက်မျက်နှာ၏ ပထမ ပစ္စယာ လက်ဝဲဘက်နှင့် လက်ယာ ဘက်အောက်ခြေတွင် လူတစ်ယောက်ဝင်နိုင်သော မုခ်ပေါက်ငယ်မှ အောက်သို့ (၃)ပေ ခန့် ဆင်းပါက တောင်မြောက် (၇)ပေ၊ အရှေ့အနောက် (၂၀)ပေခန့် အကျယ်ရှိသော လျှို့ဝှက် လိုဏ်ခန်း(၂)ခု ပြုလုပ်ထားသည်။
          အခြားဘုရားများတွင် အုတ်ခိုလိုဏ်ကို အလယ်မဏ္ဍိုင်ထုအတွင်း၌သာ ပြုလုပ်လေ့ရှိသည်။ ယခုလိုဏ်ရှည်မှာ လျှို့ဝှက်ခန်းအဖြစ် တည်ဆောက်ထားခဲ့ဟန်ရှိသည်။
ထီးလိုမင်းလိုဘုရားကြီး မူလတည်ဆောက်စဉ်အချိန်က အပေါက်တိုင်းတွင် တံခါးရှိခဲ့သော အထောက်အထားတွေ့ရပါသည်။ တံခါးအောက်ခံကျောက်ခွက်များနှင့် တံခါးတိုင်စွပ်သော သံချောင်း ကိုဖိသော ကြက်ခြေခတ်ပုံမြောင်းပါသော ကျောက်ပြားများတွေ့ရပါသည်။ ထို့ပြင် တံခါးလွန်၍ မသွားစေရန် တံခါးတိုက်ကျောက်တုံးများတွေ့ရပါသည်။ အရှေ့ဘက်မုခ်ဝရှိ တံခါးတိုက်ကျောက်ပြားကြီးမှာ အလွန်ကြီးမားပါသည်။ အလျား (၉)ပေ (၈)လက်မ၊ ဗျက် (၃)ပေ (၆)လက်မနှင့် ထု (၆) လက်မရှိကာ ကြီးမားလွန်း၍ ယခုခေတ် ကွန်ကရစ်လောင်းထားသော ကျောက်ပြားကြီးဟု တချို့က ယူဆကြသည်။ အမှန်မှာ ဘေးဘက်နှင့် အောက်ဘက်တို့တွင် ဆစ်ရာ၊ စို့ရာများ တွေ့နေ ရခြင်းအားဖြင့် တစ်တုံးတည်း ထုဆစ်ထားသော သဲကျောက်တုံးကြီးဖြစ်ပါသည်။
          ပုဂံအလယ်ခေတ်နှင့် နောက်ပိုင်းခေတ်ဦးတို့တွင် သာသနိကအဆောက်အအုံများတည်ဆောက်ရာတွင် အချို့သောသာသနိကအဆောက်အအုံကြီးများသည် စစ်ရေးအမြင်ဖြင့် မျှော်စဉ်ခံတပ်ကဲ့သို့ ကြီးမားထည်ဝါစွာ တည်ဆောက်ခဲ့ကြောင်း ပညာရှင်တို့၏ အဆိုအမိန့်ကို ကြားနာမှတ်သားခဲ့ဖူးပါသည်။ ထီးလိုမင်းလို၊ သဗ္ဗညု၊ စူဠာမဏိနှင့် ကန်တော့ပလ္လင်တို့ကဲ့သို့ မြင့်မားထည်ဝါသော ဘုရားကြီးများအား ရည်ညွှန်းခဲ့ဟန်တူပေသည်။
          ထီးလိုမင်းလိုဘုရားကြီး၏ အရှေ့ဘက်အာရုံခံ အဝင်မုခ် မြောက်ဘက်နံရံ၌ (၈)ပေခန့် အမြင့်တွင် မင်ရေးဇာတာတော်ပုံခွင်များ၊ ထိုအာရုံခံမုခ်အတွင်း တောင်ဘက်နံရံခြေ၌ အမြင့် (၁၇)ပေခန့်ရှိ အင်းဝခေတ် သစ်သားမတ်ရပ်ဆင်းတုတော်ကြီးနှင့် မြောက်ဘက်အတွင်း ပတ်လမ်းရှိ အရှေ့ဘက်ခြမ်း အတွင်းနံရံပေါ်တွင် “ရှင်မဟာကဿပမထေရ်” ဘွဲ့အမည်ကို ရေးထိုးထားသော မင်စာများကို လေ့လာတွေ့ရှိနိုင်သည်။

မင်ရေးဇာတာတော်ပုံခွင်များ

ထီးလိုမင်းလိုဘုရားကြီးကို (၄)ဘက်တွင် အဝင်စေတီမုခ်အဖြစ် မဟာရာမ်တံတိုင်းကြီး အလယ်တွင် တည်ဆောက်ထားသည်။ အတွင်း၌ ဂူတော်ကြီး၏ အတိုးအဆုတ် အချိုးအစား အလိုက် တစ်မျက်နှာလျှင် အုတ်လှေကားကျယ်တစ်ခုစီပါ ခိုနန်းချိုးအတွင်းတံတိုင်းနှင့် စင်္ကြန် ရင်ပြင်အုတ်ခုံပြုလုပ်ထားသည်။ဂူတော်ကြီးသည် အခြေခံတည်ဆောက်မှုအားဖြင့် မြေအုတ်၊ ကျောက်ကူစနစ်များနှင့် တည်ဆောက်ခဲ့ကြောင်းတွေ့နိုင်သည်။ ထောင့်ချုပ်ကြောင်းများအားဖြင့် ကျောက်အုတ်များ၊ မှန်ကူကွက်ကျောက်များ အသုံးပြုအားဖြည့်ထားသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top