စေတီတော်ကြီး၏သမိုင်း
အလိုတော်ပြည့်ဘုရား၏သမိုင်း

ပုဂံပြည်ကြီးကို မြန်မာသက္ကရာဇ် ၄၂၆ (ခရစ်နှစ် ၁၀၆၄) တွင် ထီးနန်းဆက်ခံခဲ့သော ကျန်စစ်သားမင်းကြီးသည် ခမည်းတော် အနော်ရထာမင်းတရားကြီး ကိုးကွယ်ဆည်းကပ် တော်မူခဲ့သော ဓမ္မဒဿီဘွဲ့ခံအရှင်အရဟံမထေရ်မြတ်နှင့်တိုင်ပင်ကာ “မင်းအရဖြစ်ခြင်း” ဟူသော မိမိအလိုဆန္ဒပြည့်ဝသည်ကို အကြောင်းပြု၍ ဘုရားကို တည်ထားကိုးကွယ်ခဲ့ပါသည်။ အလိုတော်ပြည့်ဘုရားကို အေဒီ ၁၁ ရာစုတွင် တည်ထားကိုးကွယ်ခဲ့ကြောင်း ဘုရားအဝင် ဆိုင်းဘုတ်၏ အောက်ခြေတွင် အဖြူရောင်အုတ်ခုံတစ်ခု အကျအနဆောက်လုပ်ထားပြီး ယင်းအုတ်ခုံ၏ စာမျက်နှာတွင် “သုတ္တာန် ဒေသနာ မင်စာများရှိသည့် အလိုတော်ပြည့်ဂူဘုရား အေဒီ၁၁ရာစု” ဟူ၍ ကမ္ဗည်းရေးထိုးထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ဘွဲ့တော်၏ အမည်မှာ “ အာလိုဝ်ပြည့်” ဖြစ်ပါသည်။
အာလိုဝ် = အလို၊ အလိုဆန္ဒ
ပြည့် = ပြည့်စုံခြင်း၊ အစစအရာရာ ပြည့်စုံခြင်း၊ အောင်မြင်ခြင်း၊ အလုံးစုံအပြီးအစီးသို့ရောက်ခြင်း၊ ပေါက်မြောက်ခြင်း၊ ပြီးစီးခြင်း စသောအဓိပ္ပါယ်ကို ဆောင်ပါသည်။
အမျိုးဂုဏ်ဇာတိဂုဏ်
မြန်မာလူမျိုးဖြစ်ရခြင်းနှင့် သာသနာ စတင်မျိုးစေ့ချ ထွန်းကားရာ ပုဂံမြေသို့ ရောက်ရှိ လာရခြင်းကို ဂုဏ်ယူသောစိတ်များလည်း တဖွားဖွားပေါ်ပေါက်လာပြီး သာသနာ့အမွေ၊ အမျိုးဂုဏ်ဇာတိဂုဏ်များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များလည်း ဖြစ်ပေါ်လာပါသည်။
သာသနာတော်ထွန်ကားပြန့်ပွားမှု
အလိုတော်ပြည့်ဘုရားသည် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး နောင် နှစ်ပေါင်း(၁၀၀)ကျော်လာသောအခါ ရာသီဥတုဒဏ်၊ ငလျင်ဒဏ်၊ မသမာသူတို့၏ ဖျက်စီးဒဏ်အမျိုးမျိုးတို့ကြောင့် အနည်းအများဆိုသလို ပျက်စီးခဲ့လေသည်။ ထိုအပျက်အစီးတို့ကို နောင်သောအခါ အစဉ်သဖြင့် တည်တံ့ခိုင်မြဲစေရန် သင်ကြီးငါတုတ်သင် အမည်ရှိ ရဟန်းတော် တစ်ပါး ပြုပြင်ခဲ့လေသည်။ ထိုသင်ကြီးငါတုတ်သင်အမည်ရှိ ရဟန်းတော်တစ်ပါး ပြုပြင်ခဲ့သော အထောက်အထားကို အလိုတော်ပြည့်ဘုရား၏ ဂန္ဓကုဋီတိုက်အဝင် ဘယ်ဘက်နံရံ၌ မင်စာဖြင့် ရေးထိုးထားသော စာကြောင်း(၁၆)ကြောင်းအရ အခိုင်အမာ သိရှိရသည်။ ထိုမင်စာဖြင့်ရေးထိုး ထားသော စာကြောင်း(၁၆)ကြောင်းမှာ –
“သင်ကြီး(ဘုန်းကြီး) ငါတုတ်သင်က အာလိုဝ်ပြည့်မည်သော ဂူဘုရားနှင့် စဉ့်ပုထိုးတော် အား ကောဇာသက္ကရာဇ် (၅၅၆) ခုနှစ်၊ နယုန်လဆန်း(၁၁)ရက်နေ့တွင် ပြုပြင်ပြီးစီးပါကြောင်း” ဟူ၍ ဖြစ်ပါသည်။၁၃၄၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဆရာတော်သည် ဟောင်းနွမ်းပြိုပျက်နေသော အလိုတော်ပြည့်ဘုရားလိုဏ်ဂူတော်အတွင်းသို့ မေတ္တာပို့ခြင်း၊ အဓိဌာန်ပုတီးစိတ်ခြင်း၊ တရား ဘာဝနာရှုမှတ်ပွားများခြင်းတို့ကို စတင်ပြုလုပ် အားထုတ်ခဲ့သည်။ ထိုသို့အားထုတ်စဉ် ဆရာတော် ၏ အိမ်မက်ထဲ၌ ဝတ်ဖြူစင်ကြယ်ဝတ် သူတော်စင်တစ်ဦးသည် အလိုတော်ပြည့်ဘုရားအား သာသနာပြုရန် သုံးကြိမ်ဆက်တိုက် လာရောက်တိုက်တွန်း လျှောက်သွားသည်ဟုဆို၏။ထိုအိမ်မက်အရ ဆရာတော်သည် သတ္တဝါများ၏ အကျိုးကိုမျှော်ကိုးပြီး ကိုယ်တိုင်ဦးစီး ကမ္မကထပြုလုပ်ကာ ၁၃၅၄-ခုနှစ် နတ်တော်လပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့ပါသည်။
ထိုသို့ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေစဉ် ဖူးမြင်ရသူ လူထုပရိသတ်အပေါင်း အံ့ဩရ လောက်အောင် လိုဏ်ဂူတော်တစ်ခုလုံး အရောင်အဆင်းအမျိုးမျိုးတို့ဖြင့် အထက်သို့ လျှံတက်၍ ဓါတ်တော်ကွန့်မြူးတော်မူပါသည်။ ဘုရားဖူးလာကြသော သူတော်စဉ်တို့မှာ လည်း ဓါတ်တော်များကွန့်မြူးပုံကို ဖူးမြင်ကြရ၍ ဖူးမဝနိုင်အောင် သဒ္ဓါပီတိစိတ်များ တဖွားဖွားဖြစ်ပေါ်ပြီး ကြည်ညိုမဆုံးဖြစ်ကြရပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved