ပန်း(၁၀)မျိုး

အလိုတော်ပြည့်ဘုရား၏ အတွင်းပတ်လည်ရှိ ဘုရားရှင်တရားဟောနေသော နံရံ ဆေးရေးပန်းချီများသည် ပန်းချီ၌ပါဝင်ပြီး ဘုရား၏ လေးဘက်လေးတန်ရှိ တံကဲများ၌ ရေးဆွဲထားသော ဘီလူးပန်းဆွဲများသည် ရှေးခတ် ပန်းတော့ ၊ပန်းတမော့လက်ရာများ ဖြစ်ပါသည်။

တောင်ဘက်တံကဲ၌ ရေးဆွဲထားသော ဘီလူးပန်းဆွဲများ

အလိုတော်ပြည့်ဘုရား၏ လိုဏ်ဂူတော်မှာ ရှေးပုဂံလက်ရာ အမိုးစောင်း ပြာဿဒ်ပုံတော် ဖြစ်သည်။ အပြင်ကကြည့်ပါက လိုဏ်ဂူတစ်ခုလုံးမှာ ဘိလပ်မြေအသားကင်းကွာပြီး နီရဲ နေသော အုတ်ချပ်များဖြင့် ခိုင်ခိုင်ခံ့ခံ့ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ထို့အပြင် ကြာအုံ(ကြာမှောက်၊ ကြာလှန်)၏ အထက်တွင် စိန်တန်းများကိုလည်းတွေ့ရပါသည်။ လိုဏ်ဂူမုခ်ဦး၏ ဘေးတစ်ဖက်တစ်ချက်စီတို့တွင် ဆေးရေး ပန်းချီများ မထင်ရှားတော့ပေ။
          ဂန္ဓကုဋီတိုက်အဝင်ဝတွင် မင်စာဖြင့်ရေးထိုးထားသော စာကြောင်း (၁၆)ကြောင်းမှာ ယခုအခါ တစ်ချို့တစ်ဝက်ပျက်စီးနေသည်ကိုလည်း တွေ့မြင်နေရပါသည်။

ဂန္ဓကုဋီတိုက်အဝင်ဝတွင်ရှိသော မင်စာများ

အရှေ့ဘက်မုခ်ဦး နံရံဘေးတစ်ဖက်တစ်ချက်တို့တွင် လေဝင်ပေါက်(အလင်းရောင်ပေါက်) တစ်ပေါက်စီရှိပြီး ကျန်(၃)မျက်နှာတွင် တစ်မျက်နှာလျှင် လေဝင်ပေါက်(၃)ပေါက်စီရှိပါသည်။ ဘုရားလိုဏ်ဂူအတွင်းဘက် တနင်္ဂနွေထောင့်တွင် အပေါ်သို့တက်သော ကြောင်လိမ်လှေကား ပါရှိသည်။
          လိုဏ်ဂူ၏ အလယ်မဏ္ဍိုင်တစ်ခုလုံးနှင့် လိုဏ်ဂူအတွင်းဘက်နံရံတို့တွင် မြတ်စွာဘုရား သခင် ပဉ္စဝဂ္ဂီ(၅)ဦးတို့အား တရားဟောကြားတော်မူနေပုံများ ဘီလူးပန်းဆွဲများ စသည့် ပန်းချီလက်ရာအမျိုးမျိုးတို့ဖြင့် ရေးဆွဲပူဇော်ထားခဲ့ကြသည်တို့ကို အထင်အရှားတွေ့မြင်နေရ သေးသည်။
          ထို့အပြင် လိုဏ်ဂူအလယ်မဏ္ဍိုင်ပတ်လည်တစ်ခုလုံးနှင့် အတွင်းဘက်လိုဏ်ဂူနံရံများ တွင်လည်း သုတ္တန်ဒေသနာတော်(၁၀၀)ကျော်တို့၏ အမည်တို့ကိုလည်း မင်စာများဖြင့် ရေးထိုးထားခဲ့ကြသည်။ ယင်းတို့မှ ထင်ရှားသော သုတ္တန်အမည်များကို တင်ပြရသော် –       
၁။မင်္ဂလသုတ် ၁၀။အနတ္တလက္ခဏသုတ် ၁၈။မဟာအာဋာနာဋိယသုတ်
၂။ရတနသုတ် ၁၁။ဆဒိသာပါလသုတ် ၁၉။မဟာသမယသုတ်
၃။မေတ္တသုတ် ၁၂။ပရိမိတ္တဇာလသုတ် ၂၀။သမ္မာပရိဗ္ဗာဇနိယသုတ်
၄။ခန္ဓသုတ် ၁၃။ဗောဇ္ဈင်္ဂသုတ် ၂၁။ပုရာဘေဒသုတ်
၅။မောရသုတ် ၁၄။သမ္မာသမ္ဗုဒ္ဓဗောဗ္ဈင်္ဂသုတ် ၂၂။ကလဟဝိဝါဒသုတ်
၆။ဝဋ္ဍသုတ် ၁၅။ပုဗ္ဗဏှသုတ် ၂၃။စူဠဗျူဟသုတ်
၇။ဓဇဂ္ဂသုတ် ၁၆။ဓမ္မစက္ကပဝတ္တနသုတ် ၂၄။မဟာဗျူဟသုတ်
၈။အာဋာနာဋိယသုတ် ၁၇။ဟေမဝတသုတ် ၂၅။တုဝဋ္ဍကသုတ်
၉။အင်္ဂုလိမာလသုတ်

စသည်တို့ဖြစ်ပါသည်။ ထို့အပြင် အမည်မဖော်ပြတတ်သော ဗိသုကာလက်ရာများ၊ ပန်းချီ မင်စာများကိုလည်း လေ့လာတွေ့မြင်ကြရမည်ဖြစ်ပါသည်။

အရှေ့ဘက်မုခ်အပေါ်ရှိ နံရံဆေးရေးပန်းချီ

ထီးလိုမင်းလိုအာရုံခံကို အကျယ်(၂၄)ပေထိ သစ်သား၊ သံမပါ၊ အုတ်ချည်းသက်သက် ကူးထားသည်မှာ အံ့ဩဖွယ်ကောင်းပါသည်။ မျက်နှာကျက်ကိုလည်း ပန်းချီများဆွဲထားသည်မှာ အံ့ဩဖွယ်ကောင်းပြီး မူလဆေးရေးများ ကျန်ရှိနေပါသေးသည်။

မျက်နှာကျက်ရှိ မူလဆေးရေးပန်းချီများ

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top