အထွေထွေ အကြောင်းအရာများ
မင်စာဖြင့်ရေးထိုးထားသော စာကြောင်း(၁၆)ကြောင်းအရ သင်ကြီးငါတုတ်သင် အမည်ရှိ ရဟန်းတော်ပြုပြင်ခဲ့သည်မှာ အခိုင်အမာဆုံးသော အထောက်အထား တစ်ရပ်ပင် ဖြစ်ပါသည်။ ယခုအခါ ကာလရွေ့လျော့လာ၍ အာလိုဝ်ပြည့်မှ အလိုတော်ပြည့်ဟု အမည်တွင် နေပါသည်။အလိုတော်ပြည့်ဘုရားသည် ခရစ်နှစ်(၁၁၉၄)ခုနှစ် မြန်မာသက္ကရာဇ်(၅၅၆)ခုနှစ်တွင် သင်ကြီးငါတုတ်သင် ပြုပြင်ခဲ့ပြီးနောက် နှစ်ပေါင်း(၈၀၀)ကျော်လာသောအခါ သဘာဝဒဏ်၊ မြေငလျင်ဒဏ်၊ မသမာသူတို့၏ ဖျက်စီးမှုဒဏ်ကို ကြံ့ကြံ့ခံလာခဲ့ရသည်။ အချိန်ကာလကြာ လာသည်နှင့်အမျှ လူအဝင်အထွက် မရှိသလောက်နည်းပါးပြီး တန်ခိုးကြီးစေတီဘုရားများ ကြားတွင် ပြုပြင်မွမ်းမံ ပြင်ဆင်ဆောင်ရွက်မည့်သူမရှိဘဲ ခြုံနွယ်မြက်ပေါင်းတို့လွှမ်းခြုံကာ မထင်မရှားသောအသွင်ဖြင့် ပျောက်ကွယ်နေခဲ့ရသည်။
၁၉၇၅ ခုနှစ်၊ ဇူလိုင်လ (၈)ရက်၊ ၁၃၃၇ ခုနှစ်၊ ဝါဆိုလဆန်း(၁) ရက် အင်္ဂါနေ့ညနေ (၆)နာရီ (၃၀)မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အနောက်တောင်ယွန်း မိုင် (၁၂၀)ခန့်ကွာဝေးသောနေရာကို ဗဟိုပြု၍ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခဲ့ရာ ငလျင်ဗဟိုချက်နှင့်နီးသော ပုဂံညောင်ဦးတစ်ဝိုက်မှာ အပြင်းထန်ဆုံး တုန်လှုပ်မှုဒဏ်ခံခဲ့ရ သည်။
လူသူလေးပါးအဝင်အထွက်ကင်းမဲ့ပြီး တန်ခိုးကြီးစေတီဘုရားများကြားတွင် မထင် မရှား အသွင်ဖြင့် တိမ်မြုပ်ပျောက်ကွယ်နေခဲ့ရသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာလွန်လာခဲ့ ပေပြီ။ ဘုရားစေတီများအကြားတွင် ကွယ်ပျောက်နေခဲ့ရသော အလိုတော်ပြည့်ဘုရားကို လွန်ခဲ့သောနှစ်ပေါင်း (၃၀)ခန့်က ဆရာတော်တစ်ပါး အဓိဌာန်ပြု၍ ထုတ်ဖော်ပေးလိုက်ပါသည်။
အဆိုပါအဓိဌာန်ပြု ထုတ်ဖော်ပေးလိုက်သော ဆရာတော်ကား နယ်နယ်ရရပုဂ္ဂိုလ် မဟုတ်ပေ၊ ညောင်ဦးမြို့ အောင်မြေဗောဓိဓမ္မရိပ်သာကျောင်းတိုက်၊ ကျောက်ပန်းတောင်းမြို့ မဟာအောင်မြေရတနာစာသင်တိုက်၊ ကြက်မောက်တောင်ဆည်အနီး၊ တောင်နီတောရဓမ္မ ရိပ်သာကျောင်းတို့၏ အာဒိကမ္မိက ပဓာနနာယကကမ္မဌာနာစရိယ၊ နယ်လှည့်ဓမ္မကထိက၊ နယ်စပ်ဒေသသာသနာပြု၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တအရိယဝံသ ဆရာတော်ပင်ဖြစ်သည်။ ဆရာတော်ကား ထူးကဲသော သာသနာ့အာဇာနည် တစ်ပါးဖြစ်သည်။ သတ္တိ၊ ဗျတ္တိ၊ ပဋိဗလတို့နှင့်လည်း ပြည့်စုံသည်။
ဆရာတော်သည် ရှေးသူတော်စင်တို့၏ ထုံးကိုမှီကာ-
သုဝဏ္ဏဘုမ္မိအရပ်၌ တစ်တောဝင်တစ်တောထွက်ဖြင့် သုံးနှစ် သုံးမိုး တရားအားထုတ် တော်မူခဲ့သည်။
ထို့နောက်တစ်ဖန် ပုဂံသို့ကြွရောက်သီတင်းသုံးကာ တရားဘာဝနာကို ဆက်လက် ပွားများအားထုတ်ပြန်သည်။ တန့်ကြည့်တောင်၊ ကျန်စစ်သားဥမင်(ကျန်စစ်သားဂူ)တို့တွင် (၃)နှစ်လုံးလုံး အဓိဌာန်ဆောက်တည်ကာ ပထဝီကသိုဏ်း ရှုမှတ်ပွားများအားထုတ်ခဲ့သည်။ ယနေ့ပုဂံဘုရားဖူးသူတော်စင်များ နေ့စဉ်နေ့တိုင်း ဝင်ထွက်မစဲအောင် ဖူးမြော်နေကြသော အလိုတော်ပြည့်ဘုရားမှာ ဆရာတော်အဓိဌာန်ပြု၍ စတင်ထုတ်ဖော်ပေးလိုက်သော ဘုရား တစ်ဆူဖြစ်သည်။
ဤသို့အားဖြင့် ဆရာတော်သည် အခါအားလျော်စွာ ရသည့်အချိန်၊ အားသည့် အချိန်တို့၌ လူမသိသူမသိ ဟောင်းနွမ်းပြိုပျက်နေသော အလိုတော်ပြည့်ဘုရား၏ လိုဏ်ဂူ တော်အတွင်း၌ အဓိဌာန်ပြု၍ တရားအားထုတ်လာခဲ့သည်မှာ (၆)နှစ်တိုင်တိုင် ကြာမြင့် လာခဲ့သည်။ ၁၃၅၄ ခုနှစ်၊ နတ်တော်လဆန်း(၈)ရက်နေ့တွင် ဆရာတော်၏ အဓိဌာန်ပြီးစီး အောင်မြင်ခဲ့ပါသည်။ ဆရာတော်၏ အဓိဌာန်ပြီးစီးအောင်မြင်ပြီး နောက်နေ့များတွင် ဆရာ တော်အား ထင်ရှားသော အိပ်မက်တစ်ခု (၃)ရက်ဆက်တိုက် ပေးလာသည်။ ထိုအိပ်မက်မှာ “သတ္တဝါများ အလိုဆန္ဒပြည့်ဝအောင် ဤဘုရားကို သာသနာပြုရန်တိုက်တွန်းပါကြောင်း၊ အလိုဆန္ဒပြည့်ဝသူများကိုလည်း သစ်သီး (၉)မျိုး ပန်း(၉)မျိုး၊ ဆွမ်း(၉)ခွက်၊ ရေ(၉)ခွက်၊ အလင်းတိုင်(ဆီမီး) ၉တိုင်တို့ကို ဤဘုရားတွင်ဆရာတော်က ကပ်လှူပူဇော်ခိုင်းပါ။ ထို့ နောက်(၅)ပါးသီလ ခံယူဆောက်တည်စေ၍ ဂုဏ်တော်(၉)ပါးကို အဓိဌာန်ဖြင့် ပုတီး(၉)ပတ် စိတ်ပြီး လိုအပ်သော ဆု(၁)ဆုကို ဆန္ဒပြင်းပြစွာတောင်းခိုင်းပါ” ဟု အိပ်မက်ထဲ၌ ဝတ်ဖြူ စင်ကြယ်ဝတ် သူတော်စင်တစ်ဦးသည် (၃)ရက်ဆက်တိုက် လာရောက်တိုက်တွန်း လျှောက်သွား သည်ဟုဆို၏။
ထိုအိပ်မက်အရ ဆရာတော်သည် ပြည်သူ၏အကျိုး၊ သတ္တဝါများ၏ အကျိုးကို မျှော်ကိုးပြီး ယုံကြည်မှု သဒ္ဓါကြီးမားသော ဆန္ဒတော်ဖြင့် ကိုယ်တိုင်ဦးစီး ကမ္မကထပြုကာ ၁၃၅၄ ခုနှစ်၊ နတ်တော်လပြည့်နေ့တွင် သစ်သီး (၅၀၀၀) ၊ ပန်း(၅၀၀၀)၊ ဆွမ်းခွက်ပေါင်း (၅၀၀၀)၊ ရေချမ်း(၅၀၀၀) ၊ဆီမီး(၅၀၀၀)တို့ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနား ကို ညောင်ဦးမြို့၊ ကျောက်ပန်းတောင်းမြို့တို့မှ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီး များ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ ကျောင်းထိုင်ဆရာတော်များ၊ ပင့်သံဃာတော်များ၊ စုစုပေါင်းသံဃာတော်(၄၅)ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈယ်ခြင်း၊ ကြွရောက်လာကြသော ရပ်ဝေးရပ်နီးမှ တပည့်ဒကာ၊ ဒကာမများအား ငါးပါးသီလချီးမြှင့်ခြင်း၊ အမျှမေတ္တာပေးဝေခြင်းတို့ဖြင့် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့သည်။
ထူးဆန်းအံ့ဖွယ်ကောင်းသော ဝိသေသလက္ခဏာများ
၁။ ၁၃၅၄ခုနှစ်၊ နတ်တော်လပြည့်နေ့တွင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေစဉ် ဖြူ၊ နီ၊ ညို၊ ဝါ စသော အရောင်အဆင်းအမျိုးမျိုးတို့ဖြင့် ဓာတ်တော်များ အထက်သို့ လျှံတက် ကွန့်မြူးတော်မူခြင်း
၂။ ဘုရားလိုဏ်ဂူတော်အတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်နှလုံးအေးချမ်း သာယာပြီး ဘာဝနာပွားများလိုသော စေတနာသဒ္ဒါတရားများ တဖွားဖွားဖြစ်ပေါ် လာခြင်း၊
၃။ ဆရာတော်ညွှန်ကြားထားသည့်အတိုင်း သစ်သီး(၉)မျိုး၊ ပန်း(၉)မျိုး၊ ဆွမ်း(၉)ခွက်၊ ရေ(၉)ခွက်၊ ဖယောင်းတိုင် (၉)တိုင်တို့ကို ဘုရားရှင်အား ကပ်လှူပူဇော်ပြီး ငါးပါး သီလခံယူဆောက်တည်ကာ ဂုဏ်တော်ကိုးပါး ပုတီးကိုးပတ်စိပ်၍ မိမိလိုအပ်သော ဆုတစ်ဆုကို ဆန္ဒပြင်းပြစွာ အဓိဌာန်ပြုဆုတောင်းပါက (၇)ရက်အတွင်း၌သော်လည်း ကောင်း၊ (၃)လအတွင်း၌သော်လည်းကောင်း တောင်းသည့်ဆုနှင့်ပြည့်စုံကြောင်း သိရသည်။
ဆုတောင်းအဓိဌာန်ပြုနည်း
၁။ သစ်သီး(၉)မျိုး၊ ပန်း(၉)မျိုး၊ ဆွမ်း(၉)ခွက်၊ ရေ(၉)ခွက်၊ ဖယောင်းတိုင် (၉)တိုင်တို့ကို ဘုရားရှင်အား ကပ်လှူခြင်း
၂။ အလိုတော်ပြည့်ဘုရားရှိခိုးဂါထာတော်ဖြင့် ဘုရားရှင်ကို ရွတ်ဆိုပူဇော်ခြင်း
၃။ အနည်းဆုံးငါးပါးသီလခံယူဆောက်တည်ခြင်း
၄။ ဂုဏ်တော်(၉)ပါးကို ပုတီး(၉)ပတ်စိပ်ခြင်း
၅။ မိမိဆန္ဒအတိုင်း တစ်ခုတည်းသော ဆုတစ်ဆုကို ဆန္ဒပြင်းပြစွာတောင်းပါ။
၆။ ဘုရားကိုစောင့်ရှောက်လျက်ရှိကုန်သော ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ သတ္တဝါအနန္တ တို့အား မိမိပြုသမျှသော ကုသိုလ်ကောင်းမှုတို့ကို အမျှဝေခြင်းတို့ဖြစ်သည်။
ရွှေသင်္ကန်းကပ်လှူခြင်း
အလိုတော်ပြည့်ဘုရား၌ ရွှေသင်္ကန်းကပ်လှူရာတွင် ရှေးယခင်က အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်နှင့် တောင်ဘက်ရှိ ဆင်းတုတော်(၄)ဆူလုံးကို ကပ်လှူ၍ ရသော်လည်း ယခုအခါလုံခြုံမှုရှိစေရေးအတွက် အရှေ့ဘက်မုခ်ရှိ ဘုရားဆင်းတုတော်ကိုသာ ကပ်လှူပူဇော်ခွင့်ပေးထားပါသည်။ ကပ်လှူရာတွင်လည်း မျက်နှာတော်နှင့်ဦးခေါင်းတော် တို့ကို ကပ်လှူ၍ မရပါ။ ကျန်သော နေရာများကိုသာ ကပ်လှူ၍ရပါသည်။
သဗ္ဗေပူရန္တု သင်္ကပ္ပါ
ရှမ်းလူမျိုးများဖြစ်ကြသော အမျိုးသားနှင့်အမျိုးသမီးတို့သည် အသက်(၆၀)ပြည့်ခါနီးအထိ ကလေးမရသောကြောင့် အလိုတော်ပြည့်ဘုရားတွင် အဓိဌာန်ပြုဆုတောင်းကြပြီး အသက် (၆၀)ပြည့်မှ ကလေးရကာ ဆုတောင်းပြည့်သွားသောကြောင့် ဘုရားသို့တဖန်ပြန်လာကာ လှူဒါန်းမှုပြုလုပ်သွားကြောင်းလည်း သိရှိရပါသည်။
ထိုကဲ့သို့ ထူးထူးကဲကဲ ဆုတောင်းတိုင်းပြည့်စုံ၍ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) နီးပါးက ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အလိုတော်ပြည့်ဘုရား ထံတွင် ဆုတောင်းသူများ ၊ အဓိဌာန်ပြုသူများအားလုံးသည် အကြံအစည်ဟူသမျှ ပြည့်စုံ နိုင်ကြပါစေရန် အလိုတော်ပြည့်ဘုရား မုခ်ဦးအဝင်တွင် ဆရာတော်ဘုရားရေးပေးထားသော “သဗ္ဗေပူရန္တု သင်္ကပ္ပါ” ဟူသော စာတန်းကို ရွတ်ဆိုဆုတောင်းရင်း “ပုဂံအလိုတော်ပြည့် ဘုရားသမိုင်း” အမည်ရှိသော ဤစာစုအား ဤနေရာ၌ပင် နိဂုံးကမ္ပတ်အဆုံးသတ်လိုက်ရ ပါတော့သည်။
ဘုရားပွဲတော်ရက်ကျင်းပခြင်း
၁၃၅၅ ခုနှစ်၊ နတ်တော်လတွင် အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပ မြဲအတိုင်း ဒုတိယအကြိမ် ကျင်းပခဲ့သည်။ ၁၃၅၅ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် သစ်သီး(၅၀၀၀)၊ ငွေ(၁၀၈)ကျပ်စီပါဝင်သော ပဒေသာပင်ပေါင်း (၅၀၀၀)တို့ကို ကားပေါ်သို့တင်ပြီး ရှေ့ဆုံးကားတွင် အလိုတော်ပြည့်ဘုရား၏ ရုပ်ပွားတော် မြတ်ကို ထီးဖြူအုပ်မိုးကာ မြို့တွင်းသို့လှည့်လည် အပူဇော်ခံခဲ့ပါသည်။
၎င်းကားတို့နောက်တွင် ကြွရောက်လာကြသော သံဃာတော်များ ၊ ဓမ္မစကြာ ကားများ၊ ဖျော်ဖြေရေးကားများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်ကားများ စီတန်းကာ အောင်မြေဗောဓိဓမ္မရိပ်သာမှ မြို့ထဲသို့လှည့်လည်ရာ ကားတန်းမှာ တစ်မိုင်ခန့်ပင် ရှည်လျားပါသည်။ လမ်းတစ်လျှောက် ဝဲယာတို့တွင် ငွေစက္ကူများကို ဂေါပကအဖွဲ့ဝင်များက ဖြန့်ကြဲကြပါသည်။ လမ်းဘေးဝဲယာတို့မှ ဖူးမြော်ကြသူများလည်း အလွန်များပြားလှပါသည်။
တန်းစီလှည့်လည်လာသောကားများ အလိုတော်ပြည့်ရင်ပြင်ပေါ်သို့ ရောက်သော အခါ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဘုရားရှင်အား ဆက်ကပ်ပူဇော်ခြင်း၊ ပင့်သံဃာ တော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ ကြွရောက်လာကြသော ပရိတ်သတ်အပေါင်းတို့အား စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းဖြင့် ဗုဒ္ဓပူဇနိယပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပပူဇော်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဘုရားပွဲတော်ရက်ကို နတ်တော်လဆန်း (၁၄)ရက်၊ (၁၅)ရက်ဟု သတ်မှတ်ခဲ့ကြပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved