အ‌ထွေထွေ အကြောင်းအရာများ

၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထီးလိုမင်းလိုဘုရားကြီး၏ အထက်ကွမ်းတောင်ကြီး ကွဲအက်သွားခဲ့သည်။ ဘုရားကြီးအား ပြုပြင်ရန်အတွက် ပထမဦးစွာ ဘုရားကြီး၏ ကွမ်းတောင်ကို ဝါးငြမ်းဆင်ပြီး အုတ်ကျိုး အုတ်ပဲ့များနှင့် မြေနီသရွတ်သဲခဲ များကို ဦးစွာ ရှင်းလင်းရေးဝင်ရသည်။ ထိုသို့ပြုပြင်နေစဉ် ကွမ်းတောင်အပေါ်ပိုင်းအား ထိပ်စီး ထိပ်အုပ် ပြုလုပ်ရန်အတွက် ရှင်းလင်းသောအခါ ကွမ်းတောင်အတွင်းမှ ဌာပနာတိုက်ခန်း တစ်ခုပေါ်လာပြီး အေဒီ ၁၃ ရာစုလက်ရာ သဲကျောက်ရုပ်ပွားဆင်းတုတော်များ၊ သဲကျောက် ဓါတ်တော်ကြုတ် ပုထိုးများတွေ့ရှိခဲ့ပါသည်။ စုစုပေါင်း ဆင်းတုတော် (၁၀၀)ကျော်နှင့် ဓါတ်တော်ကြုတ် (၅၀)ခန့်ဖြစ်သည်။           ထိုဌာပနာပစ္စည်းများကို ကွမ်းတောင်ဝိတ်လျော့သည့်အနေဖြင့် ပြင်ပသို့ သယ်ထုတ် ယူငင်ကာ လျှို့ဝှက်လိုဏ်(၂)ခုတွင် ပြောင်းရွှေ့ထားခဲ့သည်။ ကွမ်းတောင်အတွင်းရှိ ဌာပနာ တိုက်ခန်းကြီး၏ ထိပ်ဝမှာမူ သံကူကွန်ကရစ်များဖြင့် အခိုင်အမာပိတ်ဆို့ပြီးနောက် မိုးရေမစိမ့် စေရန် ကွမ်းတောင်ထိပ်ပိုင်းတစ်ခုလုံး ရေပိတ်လွှာပြုလုပ်ကာ ရှေးမူမပျက် ပြုပြင်ခဲ့သည်။ ယင်းစီမံချက်ကာလအတွင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ယူလှူဒါန်းခဲ့ပြီး ကျွမ်းကျင်ပန်းရံ ဆရာများဖြင့် ပြုပြင်စေခဲ့သည်။ ၁၉၉၆ – ၁၉၉၇ခုနှစ် ပုဂံဘုရားများ ပြန်လည်ပြုပြင်ရေး စီမံကိန်းချမှတ်ရာတွင် ထီးလိုမင်းလိုဘုရားကြီးအား ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ ဌာနခွဲ များမှ ဝန်ထမ်းမိသားစုများ စုပေါင်းလှူဒါန်းသော အလှူငွေများဖြင့် ဘက်စုံပြုပြင်မွမ်းမံခဲ့ရာ ၁၉၉၈ခုနှစ်ခန့်တွင် ရွှေထီးတော်တင်လှူပြီး ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲသဘင် ဆင်ယင်ကျင်းပခဲ့ပါသည်။ ဘုရားကြီးကို ပြန်လည်ပြုပြင်ရာတွင် ကွမ်းတောင်ပေါ်မှ ပဓာနစေတီတော် ကြီးနှင့် စေတီရံများအပါအဝင် (၄၂)ဆူတို့အား ရှေးမူအတိုင်း အကောင်းပကတိ ပြုပြင်တည်ဆောက် ခဲ့ပါသည်။ လိုအပ်နေသော ရုပ်ပွားဆင်းတုတော်များကိုလည်း ဖြည့်စွက်ထုလုပ် ထားရှိခဲ့ပါ သည်။ ရင်ပြင်တော်အုတ်ကြမ်းခင်းခြင်း၊ အုတ်လမ်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဘုရားအလှူမှတ်တမ်း မော်ကွန်းကျောက်စာတိုင်သစ်ကြီးကိုလည်း မှတ်တမ်းတင်ရေးထိုး စိုက်ထူနိုင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထီးလိုမင်းလိုဘုရားကြီး၏ ကွမ်းတောင် ပိုင်းမှာ ပြိုကျသွားခဲ့ပြီး ရွှေထီးတော်ကြီးမှာလည်း မြေခခဲ့ရပါသည်။ ၎င်းကွမ်းတောင်ကြီးအား အဆောက်အဦ ဦးစီးဌာနမှ တာဝန်ယူပြင်ဆင်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှမိသားစုတို့က (၂၇-၂-၂၀၂၀) ရက်နေ့တွင် ထီးလိုမင်းလိုဘုရားကြီး အထက်ဌာပနာတော်သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top