ဖူးမြော်လေ့လာရန်နေရာများ

ဩဝါဒပါတိမောက်ကျောက်စာ

  • တောင်ပေါ်ကားကွင်းမှ ဘုရားပေါ်သို့တက်သည့် လှေကားအတက် ညာဘက်တွင် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီး၏ ရုပ်ပွားတော်ရှိပြီး ဘယ်ဘက်မြောက်ဘက်တွင် ၁၃၅၅ ခုနှစ်က ရေးထိုးသော ဩဝါဒ ပါတိမောက်ကျောက်စာနှင့် စည်းဆုပ်တီး၍ ရန်မီးကာကွယ်နေသော လောကနတ်ရုပ်တုတို့ ရှိပါသည်။

ရှင်အရဟံ သီတင်းသုံးတော်မူခဲ့သော ကျောက်သားဂူ

ရင်ပြင်တော်မှာ ကျယ်ဝန်းပြန့်ပြူးလှသည်။ ရင်ပြင်တော်ရောက်သည်နှင့် စေတီတော်မြတ်အား ဝန်းရံပူဇော်နေကြသော ရဟန္တာအရှင်မြတ်တို့၏ ရုပ်တုတော်များကို ဖူးမြော်ရပါသည်။ ရဟန္တာအရှင်သူမြတ် တို့၏ ဘွဲ့တော်များကား ရှင်မောဂ္ဂလိတိဿပုတ္တ၊ ရှင်သောဏ၊ ရှင်ဆပဌဓမ္မ၊ ရှင်ဓမ္မပါလ၊ ရှင်ဗုဒ္ဓဃောသ၊ ရှင်ပံ့သုကူနှင့် ရှင်ဓမ္မရံသီတို့ဖြစ်ပါသည်။ တုရင်တောင်ထိပ်တွင် အနော်ရထာမင်းကြီး တည်ထားသော စွယ်တော်ရှင်ဘုရားသည် အလွန်ထင်ရှားသော စေတီတစ်ဆူဖြစ်သည်။ သီဟိုဠ်ကျွန်းမှရသော စွယ်တော်ကို ဌာပနာ၍ တည်ထားသော စေတီတစ်ဆူဖြစ်ပါသည်။ ဓါတ်တော်၊ မွေတော် စံပယ်ရာ စေတီတော်မြတ် တို့ကို ဖူးမြင်ရသည်မှာ ကြည်နူးအေးချမ်းမှုကို တစိမ့်စိမ့် ရစေပါသည်။ စေတီတော် အောက်ဘက် နိမ့်ပိုင်းတွင် အာရုံခံအုတ်တိုက်များ၊ ကွန်ကရစ်လှေကားများနှင့်အတူ ရှင်အရဟံမထေရ်မြတ်မှ အစပြု၍ သံဃာတော်အစဉ်အဆက် တရားအားထုတ်ခဲ့သည်ဟုဆိုသော ကျောက်သားဂူများရှိပါသည်။

ရှင်အရဟံ သီတင်းသုံးတော်မူခဲ့သော ကျောက်သားဂူပုံ

အထက်ဂန္ဓကုဋီတိုက်အတွင်း သီတင်းသုံးနေသော ဆင်းတုတော်များ
နှင့် ခြေတော်ရာများ

စေတီတော်မြောက်ဘက် အောက်ခြေတွင် ဘုရားရှင်၏ ရုပ်တုတော်များတည်ရှိရာ ဂန္ဓကုဋီ တိုက်ရှိပါသည်။ ဂန္ဓကုဋီတိုက်အတွင်း၌ အထက်ပါဒခြေတော်ရာကိုလည်း ဖူးမြော်နိုင်ပါသည်။ ဂန္ဓကုဋီ တိုက်အတွင်း၌ မုဒြာပုံစံအမျိုးမျိုးကိုလည်း ဖူးမြော်နိုင်ပါသည်။ အောက်ခြေတော်ရာတစ်ဆူသည် ကားရပ်နားကွင်းပြင်၏ မြောက်ဘက်မှာရှိသည်။ ဗုဒ္ဓ၏ပါဒစက်စုံခြေရာတစ်ဆူကို အောက်ဘက် ဂန္ဓကုဋီတိုက်အတွင်းဝယ် အနောက်ဘက်မျက်နှာမူနေသော ရုပ်ပွားတော်တစ်ဆူနှင့်အတူ ဖူးမြော်နိုင်ပါ သည်။

အထက်ခြေတော်ရာပုံ

အောက်ခြေတော်ရာပုံ

အထက်ဂန္ဓကုဋီတိုက်အတွင်း မုဒြာပုံစံအမျိုးမျိုးဖြင့် သီတင်းသုံးနေသော ဆင်းတုတော်များပုံ

စောရဟန်သိမ် နှင့် ပုထိုးကြီး(ရွှေဂူကြီး)ဘုရားပုံတော်

စောရဟန်သိမ်ဟု လူသိများသော ပုဂံခေတ်သိမ်နှင့် ရင်ကွဲဘုရားခေါ်နေကြသော ပုထိုးကြီး(ရွှေဂူကြီး)ဘုရားရှိပါသည်။ တုရင်တောင်၏ ကျက်သရေကိုဆောင်သော ထူးခြားမှုကား ဘုရားရှင် အမှူးရှိသော ရဟန္တာ (၅၀၀)တို့ ဒေသစာရီကြွချီတော်မူနေသော ရုပ်ပွားတော်များကို ဖူးမြော်နိုင်ခြင်းပင် ဖြစ်ပါသည်။
သာသနာတော်နှစ် ၁၁၅၇၊ ကောဇာသက္ကရာဇ် ၅၃၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၆၁၃ ခုနှစ်တွင် ထီးနန်းကိုစိုးစံသော ပုပ္ပားစောရဟန်မင်း (သိင်္ဃရာဇ်မင်း) လက်ထက်တွင် တည်ထားကိုးကွယ်တော် မူခဲ့သည့် စောရဟန်သိမ်ပျက်ခဲ့သည့်အတွက် တုရင်တောင်စေတီတော်ကြီးအနီးရှိ ကျောက်စာရုံတွင်မှတ်တမ်းပြုထားသည့် ကျောက်စာတွင် စောရဟန်သိမ်ပျက်ခဲ့ကြောင်း မောင်နှုတ်ဆက်အမွှမ်းရ အိုအ်ပန်ဦးသင်နှင့် စာချီပို နှစ်ဦးတို့ကြားသိရကား၊ ဥဇနာမင်းကြီးနန်းတက်၍ (၁)နှစ်ကြာသောအခါ မင်းကြီးထံမှ ခွင့်တောင်းပြီး၊ ဤသိမ်ကို ထပ်မံဆောက်လုပ်ခဲ့သည်။ သက္ကရာဇ် ၅၇၄ ကြာတိုက်နှစ် နယုန်လဆန်း(၁၂)ရက်၊ တနင်္ဂနွေနေ့တွင် သိမ်ကိုစတင်ဆောက်လုပ်၍ မင်းဆရာသခင် ဓမ္မသီရိက သိမ်သမုတ်သည်။ သိမ်ဆောက်လုပ်သူများမှာ စိတ္တြဗိစည်း ပေါက်ပေါရမံနှင့် ဗိသုကာ ငချံသင် တို့ဖြစ်သည်။ သိမ်ဆောက်ပြီးသောအခါ သံဃာတို့အတွက် ဝါဆိုမှဝါကျွတ်တိုင်အောင် ဆွမ်း၊ ပျား၊ နွားနို့၊ ရနံ့၊ ကွမ်းသီးတို့လှူသည်။ သင်းပိုင်၊ ဒုကုဋ်တို့လည်း လှူသည်။ ဤသိမ်ကို ဘုန်းတော်ကြီး သတ်တျာ ငါလှောက်သင် လက်ထက်တွင် ဆောက်လုပ်ခြင်းဖြစ်သည်ဟု ပြန်လည်ကုသိုလ်ပြုထားသည့် ကုသိုလ် ရှင်၏ ကောင်းမှုစာတမ်းကို တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီးအခြေရှိ ကျေက်စာရုံတွင် ယခုအထိ ထိန်းသိမ်းထားရှိပါသည်။

စောရဟန်သိမ်ပုံ (ပုဂံခေတ်သိမ်း)

ပုထိုးကြီး(ရွှေဂူကြီး)ဘုရားပုံတော်

ပုထိုးလေး(ရွှေဂူလေး)ဘုရားပုံတော် နှင့် မီးကျောင်းကန်(သို့) မီးကျောင်းခံဘုရားပုံတော်

စေတီတော်တောင်ဘက်တောင်တန်းကို သက်စိုးတောင်ဟုလည်း ခေါ်ကြပါသည်။ ထိုတောင်ပေါ် တွင်ရှိသော စေတီတို့မှာ ပုဂံခေတ်ကဟု ယူဆရသော အနုပညာလက်ရာတို့ကို တွေရသည်။ အထူးသဖြင့်
ပြိုကျပျက်စီးနေသော စေတီတော်တို့၏ ပန္နက်ပုံစံများနှင့် အုပ်ချပ်များသည် ပုဂံခေတ်လက်ရာများဟု ခန့်မှန်းရသည်။ မုခ်ဝတစ်ဖက်တည်းပါသော တဝဂူပုံစီများဖြစ်ဖွယ်ရှိသည်။ နှောင်းလူတို့ပြုပြင်ထား သည်များလည်း ရှိပါသည်။ ကျောက်စာများကိုလည်း တွေ့ရပါသည်။
စေတီတော်တောင်ဘက်အနိမ့်ပိုင်းသို့ ရောက်အောင်ဆင်းသွားပြီး ရေလှောင်ကန်ကြီး အနောက် ဘက်ခြေသွားလမ်း အတိုင်းသွားပါက ပုဂံခေတ်က ကျောင်းနေရာ၊ သိမ်နေရာများဟု လူသိများနေသော ပုထိုးလေး  (ရွှေဂူလေး)၊ မီးကျောင်းကန်(သို့)  မီးကျောင်းခံ ဘုရားများကို ဖူးမြော်နိုင်ပါသည်။   ထိုနေရာသည် တောင်ထွတ်အမြင့်ဆုံးအပိုင်းတွင်ပါဝင်ပါသည်။ ထိုလမ်းအတိုင်းတက်သွားလျှင် မြောက်ဘက်သို့ မုခ်ဝလှည့်ထားသော ပုထိုးစေတီတစ်ဆူ (ဒေသအခေါ်) ဦးဖောင်းဘုရားကို ဖူးမြင်ရပါမည်။ ပုဂံခေတ် လက်ရာ ဖောင်းကူးတို့ဖြင့် တည်ဆောက်ထားပါသည်။

ပုထိုးလေး(ရွှေဂူလေး)ဘုရားပုံတော်

မီးကျောင်းကန်(သို့) မီးကျောင်းခံဘုရားပုံတော်

ပုပ္ပါးတောင်ကြီး

“>တုရင်တောင်စွယ်တော်ရှင်၏ ရင်ပြင်တော်ပေါ်မှ အရှေ့သို့ မျှော်ကြည့်လိုက်လျှင် ဆင်ကြီးတစ်ကောင် ဝပ်နေသည်နှင့်တူသော ပုပ္ပါးတောင်ကြီးကို ဖူးမြင်ရပါမည်။ အလောင်းစည်သူမင်းကြီးလက်ထက် ရှင်အရဟံ မထေရ်မြတ် ပျံလွန်တော်မူသွားသောအခါ တုရင်တောင်ခြေတွင် ရုပ်ကလပ်တော်ကို မင်းနှင့်ပြည်သူများ နောက်ဆုံးအကြိမ် ပူဇော်ခဲ့ပြီး ရှင်အရဟံ၏ ဓာတ်တော်မွေတော်များကို ဌာပနာပြီး တည်ထားခဲ့သော ထီးတန်ဆောင်းဘုရားကို တောင်ဘရွာ အနောက်မြောက်ဘက် စွယ်တော်ရှင်စေတီ၏ အရှေ့မြောက်ဘက် ယာခင်းထဲတွင် ဖူးမြော်နိုင်ပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top