ပန်း(၁၀)မျိုး
အောက်ခြေပစ္စယံပုံတော်
တုရင်တောင်ပေါ်တွင် ရှေးကာလကတည်းက သဘာဝကျောက်သားနံရံကို ဖောက်ထွင်းထားသော တရားထိုင်သော ဂူများ၊ သိမ်ဟောင်း၊ ကျောင်းဟောင်းနှင့် အာရုံခံတန်ဆောင်းဟောင်းများကို တွေ့ရပါသည်။
တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး၏ အောက်ခြေပစ္စယံမှာ ရှစ်ဒေါင့်ပုံ ရှစ်မျက်နှာရှိပြီး တစ်မျက်နှာလျှင် ဖောင်းကြွဆင်လေးစီးဖြင့် ဆင်အစီးပေါင်း ၃၂ စီးခံ၍ တည်ထားပါသည်။ ပစ္စယံနှင့် ခေါင်းလောင်းပုံစေတီတော်ကြားတွင် ကြာပန်းခံထားသည်။ ခေါင်းလောင်းပေါ်တွင် ပန်း ၁၆ပွင့် စီထားသော ရင်ဖွဲ့ခါးပတ်၊ ဘီလူးပန်းဆွဲ ၂၀ရုပ်၊ စိန်တောင်၊ ပတ်ကြီး၊ ပတ်သေး၊ မိုးလျောတို့နှင့် ဖောင်းရစ် ၄ ရပ်ရှိ သည်။ အောက်ခြေဖိနပ်တော်မှ အထွတ်ထိ ဉာဏ်တော် ၇၅ ပေ ၉ လက်မ မြင့်သည်။ စေတီတော်၏ ထူးခြားချက်မှာ ရင်ပြင်တော်ပေါ်တွင် အဆောက်အဦမရှိ၍ ပိုမိုထင်ရှားပေါ်လွင်စေခြင်း ဖြစ်ပါသည်။ အာရုံခံ အဆောက်အဦများကို ရင်ပြင်တော်အောက်ဘက် အနိမ့်ပိုင်းတွင် တွေ့ရပါသည်။
အနောက်မြောက်ထောင့်တွင်ရှိသော ခေါင်းလောင်းတော်ကြီး
စေတီတော် ပုံသဏ္ဍာန်နှင့် ဉာဏ်တော်မှာ တန့်ကြည်တောင်စေတီနှင့် ဆင်တူပါသည်။ ရဟန္တာ အရှင်သူ မြတ်တို့ ဝန်းရံထားသော စေတီတော်ရင်ပြင် အနောက်မြောက်ထောင့်တွင် ခေါင်းလောင်းတစ်လုံးရှိသည်။ မနုဿီဟခြင်္သေ့၊ ဂဠုန်ရုပ်တို့ကို ပန်းနွယ် ပန်းခက်တို့တန်ဆာဆင်ကာ ချိတ်ဆွဲထားပါသည်။ မျက်နှာဝ လက်မ၉၀ ကျော်ရှိသည်။ ခေါင်းလောင်းနှုတ်ခမ်းမှ အပေါ်ဆုံး ပန်းခက်အထိ လက်မ ၃၀ ကျော်ရှိသည်။ ညောင်ဦးမြို့ ဈေးရပ် ဘုရားဒါယကာ ဦးမှုံ၊ ဘုရားအမ ဒေါ်သာယာတို့ ကောင်းမှုဖြစ်ပါသည်။ ခေါင်းလောင်း ကြီးတွင် အလှူရှင်တို့က ပါဠိဘာသာ၊ မြန်မာဘာသာ နှစ်မျိုးဖြင့် မှတ်တမ်းရေးထိုးထားပါသည်။
သက်စိုးတောင်ပေါ်တွင်ရှိသော နတ်ကန် (ခေါ်) ရှေးဟောင်းကျောက်ရေလှောင်ကန်ကြီး
တုရင်တောင်စေတီတော်၏ တောင်ဘက်သက်စိုးတောင်ပေါ်တွင် ကျောက်သားတို့ကို ထုဆစ် ထားသော ကျောက်ရေလှောင်ကန်ကြီးများရှိသည်။ ကျောက်ရေကန်ကြီးမှ အလိုအလျောက်ရေထွက်သော စိမ့်ပေါက် ဟောင်းတစ်ခုတွင် ထွင်းထုထားသော စတုရန်းကွက် တစ်ခုရှိပါသည်။ သပ်ရပ်သော လက်ရာ ကောင်းများ ဖြစ်၍ ပုဂံခေတ်ကဟု ယူဆရပါသည်။ ရေဝင် ရေလာမြောင်းများမှာ သပ်ရပ်သည်ကိုလည်း တွေ့မြင်နိုင်ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved