ပန်း(၁၀)မျိုး

လောကနန္ဒာစေတီတော်ကြီး၏ ပန်း(၁၀)မျိုး နှင့် ဗြိသုကာ

လောကနန္ဒာစေတီကြီး၏ ခေါင်းလောင်းပုံသည် ပျူခေတ်စေတီပုံနှင့် ပုဂံခေတ်စေတီပုံ အကူးအပြောင်း ပထမဆုံးခေါင်းလောင်းပုံကို တီထွင်ပြုလုပ်သည်ဟု ယူဆရပါသည်။ ပုဂံတွင် အစောဆုံးခေါင်းလောင်းပုံကို လောကနန္ဒာဘုရားနှင့် ကျောက်မြက်မော်ခေါ် နှစ်ထပ် စေတီကြီး၊ ဓမ္မရံကြီးဘုရားအနီး အင်းဘုရားကြီးတို့ကို လေ့လာတွေ့ရှိနိုင်ပါသည်။ အောက်ခြေ တွင် ရှစ်ထောင့်ပစ္စယာခံထားပြီး ရှစ်ထောင့်ပစ္စယာအလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံရှည်ရှည် ဖောင်းရစ်အဆင့်ဆင့်ဖြင့် တည်ဆောက်ထားပါသည်။ စေတီ၏ သိသာထင်ရှားပုံမှာ ရှည်မျောမျော ခေါင်းလောင်းပုံအခုံးဖြစ်ပြီး ရှစ်မြှောင့်ပုံ အောက်ခံဖိနပ် ပေါ်က တဖြည်းဖြည်း ရှူးသွားသည့် ပစ္စယံသုံးဆင့်ပုံသဏ္ဍာန်ရှိပါသည်။ အောက်ပစ္စယံ နှစ်ဆင့်၏ ဘက်သုံးဘက်မှာ လှေကားများ တပ်ဆင်ထားပါသည်။သရေခေတ္တရာမြို့ဟောင်းမှ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာစသော စေတီတို့နှင့်ဆင်သည်။ နတ်လှေကား (၃) ခုရှိသည်။ ပေါင်းကူးမိုးများ၊ မုခ်များ မရှိပါ။ စေတီတော်ဖောင်းရစ်နှင့် ရင်ဖွဲ့ခါးပတ်တို့ကလည်း ရှေးကျလှသည်။ ခေါင်းလောင်း အထက်ဖောင်းရစ်များတွင်  အနုစိပ်ပန်းပုံများဖြင့် တန်ဆာ ဆင်ထားပါသည်။ ဖောင်းရစ်များကို မိုးလျှောဖောင်းရစ်တစ်လှည့် အခုံးဖောင်းရစ်တစ်လှည့် စုစုပေါင်းဖောင်းရစ် (၆)ခုဖြင့် ပြုလုပ် ထားပါသည်။ ၎င်းတို့မှာ မူလလက်ရာများ ဖြစ်ပါသည်။ ထိုဖောင်းရစ်များသည် ဆတ္တဝတီခေါ် ထီးအဆင့်များသာဖြစ်ပါသည်။ မိုးလျှောပုံဖောင်းရစ် များမှာ ထီးအမိုးအခုံးများ ဖြစ်ပါသည်။ အထွတ်ပိုင်းဖြစ်သော ကြာမောက်၊ ကြာလန်နှင့် ခရေသီး တို့မှာ ငလျင်လှုပ်ရာတွင် ပျက်စီးသဖြင့် ခေတ်အဆက်ဆက် ပြန်လည်ပြုပြင်ထားပါသည်။ စေတီ၏ထိပ်ဖူးတွင် အဖိုးတန်ကျောက်မျက် ရတနာများဖြင့်စီခြယ်ထားသည့် ထီးတော်ရှိပါ သည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top