စေတီတော်ကြီး၏သမိုင်း
လောကနန္ဒာစေတီတော်ကြီး၏သမိုင်း

ကောဇာသက္ကရာဇ် ၃၉၃-ခုနှစ်တွင် ပုဂံပြည့်ရှင် အနုရုဒ္ဓါခေါ် အနော်ရထာမင်းကြီးသည် သိကြားမင်းပေးသော အိမ်မက်အရ သီဟိုဠ်ကျွန်းသို့ သံတမန်စေလွှတ်၍ ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်တော်မူသည်။ မင်းကြီးသည် သီရိပစ္စယာ ကျောက်စကားအရပ် သင်္ဘောဆိပ်တွင် လည်ပင်း တိုင်အောင် ရေသို့ဆင်း၍ စွယ်တော်ကို ကြိုတော်မူပြီး ရတနာအတိပြီးသော ပြာသာဒ်ဖြင့် ထားကာ နန်းတော်၌ ကိုးကွယ်ဆည်းကပ်တော်မူခဲ့ပါသည်။ ရှင်အရဟံမထေရ်မြတ်သည် စွယ်တော်မြတ်ကို နန်းတော်မှာထား၍ ပူဇော်သည်ထက် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏အကျိုးငှာ စေတီတည်၍ သာသနာတော်အဓွန့်ရှည်သမျှ ပူဇော် နိုင်ရန် အကြံပေးတော်မူရာ မင်းကြီးသည် စွယ်တော်မြတ်ကို ရတနာပန်းတောင်းတွင်ထည့်၍ ဆင်ဖြူရတနာထက်သို့တင်ကာ “ဤစွယ်တော်ဓာတ်မြတ် ကိန်းဝပ်တော်မူလိုရာအရပ်၌ ဆင်ဖြူ ရတနာဝပ်စေသတည်း”ဟု အဓိဌာန်ပြု၍ လွှတ်တော်မူရာ ဆင်ဖြူရတနာသည် ဇေယျဘူမိ အရပ်၌ ဝပ်လေသဖြင့် ရွှေစည်းခုံစေတီ၊ ထို့နောက် စွယ်တော်ဓာတ်မြတ်ကိုပွား၍ ဆင်ဖြူ ရတနာဝပ်ရန် အဓိဌာန်ပြန်လေရာ ဆင်ဖြူရတနာသည် ဧရာဝတီမြစ်ကိုကူးပြီး တန့်ကြည့်တောင်ထိပ်၌ဝပ်တော်မူ၍ တန့်ကြည့်တောင်စေတီ၊ တတိယအကြိမ်တွင် သီရိပစ္စယာကျောက်စကား အရပ် သင်္ဘောဆိပ် အနီး၌ဝပ်၍ လောကနန္ဒာစေတီ၊ စတုတ္ထအကြိမ်တွင် ပုဂံမြို့အရှေ့ တောင်ဘက်ရှိ တုရင်တောင်ထိပ်၌ဝပ်၍ တုရင်တောင်စေတီ၊ နောက်ဆုံးအကြိမ်တွင် ဆင်ဖြူ တော်ရတနာသည် ကျောက်ဆည်နယ်ရှိ ပြတ်ခရွေတောင်၌ ဝပ်လေသဖြင့် ပြတ်ခရွေတောင် စေတီ စုစုပေါင်း စွယ်တော်ပွားငါးဆူ တည်ထားခဲ့ပါသည်။ ဤသို့ဖြင့် ပုဂံပြည့်ရှင် အနုရုဒ္ဓါခေါ် အနော်ရထာမင်းကြီးသည် ကောဇာသက္ကရာဇ် ၃၉၃ – ခုနှစ်တွင် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့ ၏ အကျိုး၊ သာသနာတော်မြတ်၏အကျိုးကို သယ်ပိုးမည်ဟု နှလုံးပိုက်၍ လောကနန္ဒာစေတီ တော်မြတ်ကြီးအား တည်ထားတော်မူခဲ့လေသည်။
သာသနာတော်ထွန်ကားပြန့်ပွားမှု
အနော်ရထာမင်းနန်းမတက်မီက ပုဂံပြည်သည် ရတနာသုံးပါးကိုလည်းကောင်း၊ လောက နာထကိုလည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး စသည်တို့ကိုလည်းကောင်း၊ နတ် နဂါးနှင့် အရီးကြီး တို့ကိုလည်းကောင်း၊ အလုံးစုံကိုရောနှော၍လည်းကောင်း အသီးသီးကိုးကွယ်ကြပြီး သာသနာ မသန့်မရှင်းဖြစ်နေသော အချိန်ဖြစ်သည်။ အနော်ရထာမင်းကြီးသည် ထိုအယူဝါဒများကို မနှစ်သက်ဘဲ စစ်မှန်သော တရားတော်ကိုသာ တောင့်တနေစဉ် သထုံပြည်မှ ဓမ္မဒဿမည် ရဟန်းတော်ရှင်အရဟံသည် ပုဂံသို့ရောက်လာပြီး မြတ်စွာဘုရားရှင်၏ တရားတော်များကို ဟောပြောပြသတော်မူလေရာ အနော်ရထာမင်းနှင့်တကွ ပုဂံပြည်သူ/သားတို့ ထေရဝါဒဗုဒ္ဓ ဘာသာအား သက်ဝင်ယုံကြည်လာကြသည်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အနော် ရထာမင်းကြီးက စတင်၍ သတ်မှတ်ခဲ့သောကြောင့် “မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအစ အနော်ရထာ မင်းကြီးက”ဟု ဆိုရမည်ဖြစ်သည်။
အနော်ရထာမင်းကြီးသည် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အားထုတ်တော်မူပြန်ပါသည်။ သုဝဏ္ဏဘုမ္မိခေါ် သထုံပြည့်ရှင် မနူဟာမင်းကြီးတွင် ပိဋကတ်တော် အစုံ(၃၀) ရှိသည်ဟု ကြားသိရသဖြင့် ရှင်အရဟံ၏ စေခိုင်းချက်အရ သံတမန်စေလွှတ်၍ တောင်းစေခဲ့ပြီး ပိဋကတ်တော်များကို ပုဂံသို့ပင့်ဆောင်လာခဲ့ပါသည်။ ထိုနောက် ပုဂံပြည်မှ ရဟန်းသံဃာတော်များအား ဘုရားရှင်၏ ပိဋကတ်အစစ်တော်များကိုသာ သင်ကြားစေလို သောကြောင့် ပိဋကတ်တော်များအား မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြောင်းစေကာ ပိဋကတ်တော်များထားရှိရန် ပိဋကတ်တိုက်လှူဒါန်းတော်မူခဲ့ပါသည်။
မင်းတရားကြီးပြုခဲ့သည့် ကောင်းမှုတော်များမှာ ရွှေစည်းခုံဘုရား၊ ရွှေရင်မျှော်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ လောကနန္ဒာစေတီ၊ တုရင်တောင်စေတီ၊ မန္တလေးတောင်၊ ရွှေကြက်ကျ၊ ရွှေကြက်ယက်တောင်ပေါ်ရှိဘုရားများ၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ ပေါရိသတ် ဘုရား၊ မြင်းကပါဘုရား စသည်တို့ဖြစ်ပါသည်။ ဤသို့ဖြင့် ပုဂံပြည်သည်အနော်ရထာမင်းနှင့် ရှင်အရဟံမထေရ်မြတ်တို့၏ ဉာဏ်ပညာအမြော်အမြင်ကြီးမားမှုတို့ကြောင့် သာသနာတော် ထွန်းကားပြန့်ပွားသည့် နိုင်ငံတော်ကြီးဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ပုဂံညောင်ဦးသို့ ဘုရားဖူးလာရောက်သူများ မဖြစ်မနေဝင်ရောက် လေ့ရှိသော ဘုရားတစ်ဆူကို ညွှန်ပြမည်ဆိုပါက လောကနန္ဒာစေတီကို ညွှန်ပြရမည်ဖြစ်သည်။ လောကနန္ဒာစွယ်တော်မြတ်စေတီသည် လွန်ခဲ့သောနှစ်ပါင်းများစွာက ချုံနွယ်ပေါင်းမြက်များ လွှမ်းခြုံနေခဲ့ပြီး ထုံးသင်္ကန်းကိုပင် အလျဉ်မပြတ် ကပ်လှူနိုင်ခြင်းမရှိဘဲ ဘုရားမှာ ဖြူတစ်ခါ၊ မဲတစ်လှည့်ဖြင့် ဘုရားဖူးများပင်အရောက်နည်းပါးသည်။ ၁၉၉၁ ခုနှစ်၊ ပုဂံမြို့သစ် ပြောင်းရွှေ့
လာသောအခါ ကတ္တရာလမ်းပေါက်လာ၍ လည်းကောင်း၊ ဘုရား၏ တန်ခိုးတော်ကြောင့် လည်းကောင်း၊ နာယကဆရာတော်ကြီး၏ ဩဝါဒဖြင့် ဂေါပကအဖွဲ့၏ စိတ်အားထက်သန်စွာ ဆောင်ရွက်ချက်ကြောင့်လည်းကောင်း စွယ်တော်ဘုရားသည် ယခင်နှင့်မတူ တမူထူးခြားစွာ ကြည်ညိုဖွယ်ရာအဖြစ် ရပ်တည်လျက်ရှိနေသည်။
၁၉၉၁-ခုနှစ်မှ ၂၀၀၀-ခုနှစ်အတွင်း သီရိပစ္စယာဇာတိဖွား မြင်းခြံကိုးဆောင်တိုက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးစီးဦးဆောင်ပြု၍ လောကနန္ဒာ စွယ်တော်မြတ်စေတီတော်ကြီးကို ထုံးဖွေးဖွေးအဖြစ်မှ လုံးတော်ပြည့်ရွှေသင်္ကန်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စတင်ကပ်လှူပူဇော်ခဲ့ပါသည်။ ယခုအချိန်ခါတွင် ဆရာတော်ကြီး၏ တပည့်များဖြစ်ကြသော သာယာဝတေ့ကျောင်းဆရာတော် ဦးပညာသာမိ၊ ဇေတဝန်ကျောင်း ဆရာတော်ဦးအာဒိစ္စ၊ လောကနန္ဒာကျောင်းတိုက်ဆရာတော် ဦးကောဝိဒ၊ လောကနန္ဒာ စာသင်တိုက် နာယကဆရာတော် ဦးမေဃိယ၊ ရတနာဘုံစံတောရကျောင်းဆရာတော် ဦးသာဂရ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ အများပြည်သူတို့မှ ရေရှည်တည်တံ့ခိုင်မြဲ စေရန်နှင့် ကြည်ညိုသဒ္ဒါပွားစေရန်အတွက် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved