ပွဲတော်များ

လောကနန္ဒာဘုရားပွဲတော်

လောကနန္ဒဘုရားစွယ်တော်မြတ်စေတီ ဘုရားပွဲတော်အား နှစ်စဉ် ဝါခေါင်လတစ်လလုံး ကျင်းပလေ့ရှိပါသည်။ ဝါခေါင်လဆန်း(၃)ရက်နေ့မှစ၍ အသံမစဲ မဟာပဌာန်းပွဲများ ရွတ်ဖတ် ပူဇော်ခြင်း၊ အားကစားပွဲများ ကျင်းပခြင်း၊ အငြိမ့် ဇာတ်ပွဲတို့ဖြင့် ဖျော်ဖြေခြင်းများ စတင် ကျင်းပလေ့ရှိပါသည်။ လောကနန္ဒာဘုရားပွဲတော်တွင် လှေလှော်ပြိုင်ပွဲသည် အထူးထင်ရှား လှပါသည်။ ဝါခေါင်လဆန်း (၇)ရက်နေ့ညနေတွင် လူငယ်မောင်မယ်များက အတီးအမှုတ် များဖြင့် ဆွမ်းတော်ကြီးပွဲလှည့်လည်ကြပါသည်။ ဝါခေါင်လဆန်း(၈)ရက်နေ့ နံနက်တွင်မူ ညောင်ဦးမြို့နယ်ရှိ ဆရာတော်သံဃာတော်များအား ဆွမ်းသပိတ်လုံးချလှူဒါန်းခြင်း အခမ်း အနားကျင်းပရာ မိမိတို့ဒေသအရပ်မှရရှိသော ပဲ၊ နှမ်း၊ ကြက်သွန် စသည်တို့ကို လောင်းလှူ ကြသည်။ လောကနန္ဒာဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်တစ်ခွင်၌ ပုဂံသားတို့၏ စေတနာ သဒ္ဓါတရားများနှင့် ရွှင်လန်းတက်ကြွစွာ၊ လှူဒါန်းကြ၊ ပျော်ပါးကြ၍ မြန်မာ့ရိုးရာဓလေ့ အငွေ့အသက်များမှာ သီရိပစ္စယာရွာသူရွာသားများသာမက ဘုရားဖူးဧည့်သည်များလည်း ကြည်နူးရသည့် ပွဲတော်ကြီးဖြစ်သည်။ထို့အပြင် နှစ်ဆန်း(၁)ရက်နေ့တွင် လောကနန္ဒာစွယ်တော်မြတ်စေတီအား ဘုရားရေသပ္ပါယ်ခြင်း ကုသိုလ်များ ပြုလုပ်လေ့ရှိပါသည်။ ကဆုန်လပြည့်နေ့ ညနေတွင်လည်းညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ သီတင်းကျွတ် လပြည့်ညတွင် ဘုရားရင်ပြင်ပေါ်တွင် ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်၍ ဧရာဝတီ မြစ်ကမ်းတစ်လျှောက်တွင် ဆီမီးဖောင်များမျှောကာ မီးထွန်းပွဲတော် ကျင်းပကြပါသည်။

လောကနန္ဒာဘုရား လှေပြိုင်ပွဲ

လောကနန္ဒာစွယ်တော်မြတ်စေတီတော်သည် ဧရာဝတီမြစ်ကမ်းထိပ်တွင် တည်ရှိသည်။ လောကနန္ဒာဆိပ်ကမ်း၊ လောကနန္ဒာဝဲတို့မှာ လူသိများသည်။ လောကနန္ဒာဘုရားပွဲတွင် လှေဦးတိုက်ပွဲ၊ လှေပြိုင်ပွဲများပါဝင်ပြီး လှေလှော်ပြိုင်ပွဲမှာ အထူးထင်ရှားလှပါသည်။ ရိုးရာထိန်းသိမ်းခြင်းအားဖြင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှ ကျွန်းတောင်သူတို့သည် ဝါခေါင် လဆန်း(၇)ရက်နေ့တွင် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးအား လှော်လှေများဖြင့် ဦးခိုက်၍ ရှေးမူမပျက် နှစ်စဉ်ဂါရဝပြုကြသည်။ ထိုသို့ဂါရဝပြုပါက ကောက်ပဲသီးနှံများ ပေါကြွယ်ဝသည်ဟု ယုံကြည်ကြသည်။ လောကနန္ဒာဘုရားပွဲရက်ရောက်တိုင်း အနယ်နယ် အရပ်ရပ်မှ လှေဝါသနာရှင်များက လှေလှော်ပြိုင်ပွဲကို အားတက်သရော လာရောက် ယှဉ်ပြိုင်ကြသည်။ လှေလှော်ပြိုင်ပွဲသည် တစ်ယောက်တည်း ထူးချွန်ရုံဖြင့် အနိုင်ရမည့် အားကစားမျိုးမဟုတ်ပေ။ အသင်းသားအားလုံး အချင်းချင်းကူညီရိုင်းပင်းပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားမှသာ အနိုင်ရမည်ဖြစ်ပါသည်။ ထိုသို့ တစ်ဦးနှင့်တစ်ဦး လေးစား၍ ချစ်ခင်ညီညွတ်မှသာ တက်ညီလက်ညီ လှော်ခတ်နိုင်မည်ဖြစ်ပြီး လိုရာပန်းတိုင်သို့ လျင်မြန်စွာ ရောက်မည်ဖြစ်ပါသည်။ လှေလှော်ပြိုင်ပွဲတွင် အနိုင်ရရှိသည့်အသင်းကို တာဝန် ရှိသူများက ဆုပေးခြင်းအခမ်းအနား ဆောင်ရွက်ကြပါသည်။ လှေလှော်ပြိုင်ပွဲကို ရွာနီး ပတ်ဝန်းကျင် ရှိလူများသာမက ဘုရားဖူးဧည့်သည်များကလည်း တစ်ခဲနက်အားပေးကြ သည်။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်း၍ အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်အောင် ဖော်ဆောင်ရန်အလို့ငှာ လောကနန္ဒာဘုရားပွဲတော်ရောက်တိုင်း လှေလှော်ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလျှက်ရှိပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top