စေတီတော်ကြီး၏သမိုင်း
ဗူးဘုရား၏သမိုင်း

ပုဂံမင်းဆက်များသည် သရေခေတ္တရာမင်းဆက်မှ ဆင်းသက်လာခြင်းဖြစ်သည်။ သရေ ခေတ္တရာမင်းဆက်သည်လည်း တကောင်းမင်းဆက်မှ ဆင်းသက်လာသည်ဟု သိရှိရပါသည်။ သရေခေတ္တရာပြည်ကြီးသည် မင်းဆက်ပေါင်း (၂၇)ဆက် ထီးနန်းစိုးစံခဲ့ကြသည်။ (၂၇)ဆက်မြောက်မင်းဖြစ်သော နဂရဆိန္ဒ နန်းတက်သည့်အခါ တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး သရေ ခေတ္တရာပြည်ကြီး ပျက်သုဉ်းခဲ့ရသည်။ သက္ကရာဇ် (၁၆)ခုနှစ်တွင် သရေခေတ္တရာပြည်ရှိ ပျူတို့ သည် ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး တောင်ညိုအရပ်တွင် (၃)နှစ်၊ ပန်းတောင်းအရပ်တွင် (၆) နှစ်၊ မင်းတုန်းအရပ်တွင် (၃)နှစ် ယာယီထီးနန်းစိုက်ပြီး ရွှေ့ပြောင်းနေထိုင်လာခဲ့ကြသည်။
မင်းတုန်းအရပ်မှ ပုဂံဒေသသို့ ရောက်သောအခါ (၁၃)နှစ်ကြာခဲ့သဖြင့် သက္ကရာဇ် (၂၉)ခုနှစ်တွင် ယုန်လွှတ်ကျွန်းအရပ်၌ ရွာကြီး(၁၉)ရွာ စုစည်း၍ အရိမဒ္ဒနအမည်ဖြင့် မြို့ပြနေပြည်တော် တည်ထောင်အုပ်ချုပ်ခဲ့ပေသည်။ ထိုသမုဒ္ဒရာဇ်မင်းလက်ထက်တွင် ကျား၊
ရှူး၊ ဘူး၊ ဝက်၊ ငှက်ကြီးဟူသော ရန်သူ(၅)ဦးတို့သည် အထူးနှိပ်စက်၍ တိုင်းပြည်မြို့ရွာ လွန်စွာလှုပ်ရှားလျက် ကြမ်းတမ်းဆိုးရွားစွာ လူသတ္တဝါများကို တိုက်ခိုက်ဖျက်စီးနေသည်။ ဘုရင်သမုဒ္ဒရာဇ်မင်းကိုယ်တိုင် မနှိမ်နှင်းနိုင်ဘဲ စိတ်ဆင်းရဲနေရသည်မှာ (၁၂)နှစ်ကြာခဲ့သည်။ ထိုအချိန်ကာလတွင် ရန်သူကြီး(၅)ဦးအား နှိမ်နှင်းနိုင်မည့် လုလင်တစ်ဦး ပေါ်ပေါက်လာခဲ့ ပါသည်။ ထိုလုလင်၏အမည်မှာ ပျူစောထီးပင်ဖြစ်ပါသည်။ ပျူစောထီး၏ ဇာတိမှာ တကောင်းမြို့ဟောင်း ဖြစ်ပါသည်။ ပျူစောထီးမင်းအကြောင်းကို ပြောရမည်ဆိုပါက သမိုင်း မှတ်တမ်းများတွင် (၃)မျိုးကွဲပြားလျက်ရှိနေပါသည်။
(က) တကောင်းနန်းရိုး၊ သတိုးမဟာရာဇာမင်း၏ အနွယ်ဖြစ်သော သတိုးအာဒိစ္စမင်း နှင့် မိဖုရားတို့မှ ဖွားမြင်သည်ဟုဆိုသည်။
(ခ) ပျူမျိုးရိုးမှဆင်းသက်၍ မင်းအဖြစ်ရရှိခဲ့သည်ဟုလည်း ဆိုကြသည်။
(ဂ) ကာလနဂါးမင်း၏သားတော် နဂါးကြောင်မင်း၏ သမီးတော် ဇံသီးအမည်ရှိ နဂါးမနှင့် နေနတ်သားတို့ သင့်မြတ်ပြီး နဂါးမျိုးနွယ်ဥမှ ပေါက်ဖွားသော လုလင်ဖြစ်သည်ဟုလည်းဆိုသည်။
မည်သို့ပင်ဆိုစေကာမူ တကောင်းမျိုးရိုးအစဉ်အဆက်မှ ဆင်းသက်လာသော ပျူလူမျိုး အနွယ်ဖြစ်သည်ကို တွေ့ရှိရသဖြင့် သတိုးအာဒိစ္စရာဇာမင်းနှင့် ကြင်ယာတော်မိဖုရားတို့မှ မွေးဖွားလာသည်ကို ယုံကြည်ရမည်ဖြစ်ပါသည်။ ပျူစောထီးအား မွေးဖွားပြီး (၇)နှစ်သား အရွယ်တွင် ဆရာရသေ့ထံ အပ်နှံပညာသင်ယူစေခဲ့ပါသည်။ ဆရာရသေ့သည် စောထီး၏ ဇာတာကို စစ်ဆေးကြည့်ရာ အကြေအရပ်တွင် မင်းဖြစ်မည်ကိုသိသဖြင့် မင်းတစ်ပါးတွင် တတ်အပ်သော ပညာရပ်မျိုးစုံကို သင်ကြားပေးခဲ့သည်။ မင်းထီးမှာ လေးအတတ်ကို အထူး ကျွမ်းကျင်စွာ တတ်မြောက်ပေသည်။ (၁၆)နှစ်သားအရွယ်သို့ ရောက်သောအခါ ဆရာရသေ့ နှင့်မိဘများကို ခွင့်ပန်ပြီး အကြေအောက်အရပ်သို့ စုန်ဆင်းလာခဲ့လေသည်။ မိဘများက လည်း မင်းထီးကို လေးမြှားရတနာအပ်နှင်းလိုက်သည်။ ထိုအချိန်၌ သမုဒ္ဒရာဇ်မင်းကြီး စိုးစံနေသော ရွာကြီး (၁၉)ရွာအနက် တစ်ရွာအပါအဝင်ဖြစ်သည့် မြေခဲတွင်းရွာသို့ ရောက်ရှိခဲ့ သည်။
မြေခဲတွင်းရွာတွင်ရှိသော ပျူအိုလင်မယားထံတွင် လုပ်ကျွေးပြုစုလျက် မိမိကျွမ်းကျင် တတ်မြောက်သော လေးမြှားအတတ်ပညာကို အထူးလေ့ကျင့်ပြီးနောက် ရန်သူကြီး(၅)မျိုး အား သွားရောက်နှိမ်နှင်းရန် ခွင့်တောင်းခံခဲ့သည်။ ရန်သူကြီး(၅)မျိုးအား လေးမြှားအတတ် ဖြင့် နှိမ်နှင်းအောင်မြင်ခဲ့သည်ကို ဘုရင်သမုဒ္ဒရာဇ်မင်းကြီး ကြားသိသောအခါ စောထီး၏ အမျိုးအနွယ်ကို စစ်ဆေးသည်။ တကောင်းမှလာသော မင်းမျိုးရိုးလည်းဖြစ်ခြင်း၊ လေးမြှား
အတတ်၊ဗေဒင်၊ ပိဋကတ်အတတ်တို့တွင် လိမ်မာတတ်ကျွမ်းသည်ကို သိရသဖြင့် သမီးတော် သီရိစန္ဒာဒေဝီနှင့် ထိမ်းမြားပေးပြီး အိမ်ရှေ့ဥပရာဇာအဖြစ် အပ်နှင်းတော်မူသည်။ (၃)နှစ် အကြာတွင် သမုဒ္ဒရာဇ်မင်းကြီး နတ်ရွာစံတော်မူသည်။ ပျူစောထီးသည် ထီးနန်းအုပ်ချုပ် မင်းလုပ်တော်မမူသေးဘဲ ဆရာရသေ့ကို ထီးနန်းတင်ပေးခဲ့သည်။ ရသေ့ကြောင်မင်းဟု အမည်ခံလျက် ထီးနန်းစည်းစိမ်(၁၅)နှစ် စိုးစံခဲ့ပြီး နတ်ရွာစံ အနိစ္စရောက်ခဲ့သည်။
ရသေ့ကြောင်မင်း နတ်ရွာစံပြီးနောက် သက္ကရာဇ် (၈၉)ခုနှစ်၊ အေဒီ ၁၆၇ခုနှစ်တွင် အိမ်ရှေ့ဥပရာဇာဖြစ်သော ပျူစောထီးသည် ပုဂံမင်းဆက်၏ တတိယမြောက်မင်းအဖြစ် စိုးစံခဲ့ပေသည်။ နန်းစံသက်(၃)နှစ်ရှိပြီး သက္ကရာဇ်(၉၂)ခုနှစ်သို့ရောက်သောအခါ သမုဒ္ဒရာဇ် မင်းကြီးလက်ထက်တွင် နှိမ်နှင်းအောင်နိုင်ခဲ့သော ကျား၊ ရှူး၊ ဘူး၊ ဝက်၊ ငှက်ဟူသော ရန်သူ (၅)ဦးတို့ကို ဖျက်စီးရာအရပ်တွင် –
(၁) ကျားသတ်ဘုရား ၊ (၂) ရှူးပျံဘုရား၊ (၃) ဗူးဘုရား၊ (၄) ဝက်သတ်ဘုရား၊ (၅) ငှက်ပစ်တောင်ဘုရား၊ (၆) လေးနှင်ဘုရား၊ (၇) မြှားသဘုရား၊ (၈) သမီးဝှက်ဘုရား၊ (၉) ငှက်တောင်ပစ်ဘုရားဟူ၍ ကိုးဆူ ကိုးရပ် ကိုးဌာနတို့တွင် ဘုရားစေတီပုထိုးများ တည်ထား ကိုးကွယ်ခဲ့ပါသည်။
ဗူးဘုရားတည်ထားကိုးကွယ်ခဲ့သော အရပ်ကား ပထမပေါက်ပင်စသော နိမိတ်(၅)ပါး တည်ရာအရပ်၊ ဒုတိယ ဘူးပင်ပေါက်ရာအရပ်ဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ ရွှေနန်း တော်သွင်းဘုရားစဉ်အလင်္ကာတွင်လည်း “ဇမ္ဗူကျော်ကြား ဗူးဘုရားသည် ထင်ရှားအနှံ့ သိသည်ဘုရား” ဟူ၍လည်း ရေးသားစပ်ဆိုထားပါသည်။
အမျိုးဂုဏ်ဇာတိဂုဏ်
အေဒီ ၃ရာစု၊ သက္ကရာဇ်(၉၂)ခုနှစ်တွင် တည်ထားခဲ့သော နှစ်ပေါင်းများစွာကြာမြင့် လှပြီဖြစ်သည့် ဗူးဘုရားစေတီတော်မြတ်ကြီးကိုလည်း ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံလျက် ရှိပါသည်။ လှူဒါန်းပူဇော်လျက်ရှိကြသော ကုသိုလ်ရှင်၊ အလှူရှင်များသည်လည်း မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရေးနှင့် ဗုဒ္ဓဘာသာ သာသနာတော် ရေရှည်တည်တံ့ခိုင်မြဲ ထွန်းကားပြန့်ပွားစေရန် ဆောင်ရွက်ခဲ့ကြသည်မှာ ပျူခေတ်မှ ကုန်းဘောင်ခတ်၊ ပုဂံခေတ်၊ ပုဂံမင်း၊ ပုဂံမြို့ဝန် ရွှေတောင်နော်ရထာ၊ ပုဂံမြို့ဝန် ဦးဖို၊ အင်္ဂလိပ်ပုဂံဝန်ထောက်မင်းဦးတင်၊ ပုဂံသူကြီး ဦးစိန်ဘူးတို့လက်ထက်မှ ယနေ့အထိပင်ဖြစ်ပါကြောင်း တွေ့ရရှိမည်ဖြစ်ပါသည်။
ငါးမည်ရ ပုဂံမင်းနေပြည်တော်ကြီးတွင် ပုဂံမင်းဆက်(၅၅-၅၇) စိုးစံတော်မူခဲ့သည် ဖြစ်ရာ ခေတ်အဆက်ဆက်တွင် မင်းအဆက်ဆက်တို့က မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်အနုသုခုမတို့ဖြင့် ရပ်တည်လာခဲ့ကြပေသည်။ မိမိလူမျိုးတို့သည့် ကိုယ်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြငှာန်းဖြင့် ဂုဏ်ဝင့်ထည်စွာ နေထိုင်သကဲ့သို့ မိမိတို့ကိုးကွယ်သော ဗုဒ္ဓဘာသာသာသနာတော်ကို ထွန်းကားပြန့်ပွားစေရန် ပြည်သူ/သား များနှင့်အတူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်ကို ပုဂံဒေသရှိ ဘုရားစေတီများ၊ ဂူ၊ ကျောင်း၊ ဇရပ်များ၊ ဘာသာရေးအဆောက်အဦများကို ကြည့်ရှုခြင်းအားဖြင့် သိရှိကြရမည်ဖြစ်ပါသည်။
သာသနာတော်ထွန်ကားပြန့်ပွားမှု
ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်ကြသော တကောင်းပြည်ကြီး၏ အမျိုးအနွယ်များသည် သရေခေတ္တရာပြည်ကြီး ထူထောင်ပြီး မင်းဆက် (၂၇)ဆက် စိုးစံခဲ့ပြီးနောက် ပုဂံမင်းဆက် အစဖြစ်သော ပျူလူမျိုးအနွယ် သမုဒ္ဒရာဇ်မင်းမှ စောမွန်နစ်မင်းအဆုံး ပုဂံမင်းဆက်ပေါင်း (၅၈)ဆက်သည် သာသနာသက္ကရာဇ် (၆၅၁)မှ (၁၉၁၂)အထိ (AD ၁၀၇ မှ ၁၃၆၈)အထိ နှစ်ပေါင်း မြို့သက်တမ်း(၁၂၆၁) တည်တံ့ခိုင်မြဲခဲ့သော လူမျိုးဘာသာ သာသနာ ထွန်းကားခဲ့ သည့် စံပြုရသော ယဉ်ကျေးမှုအမွေအနှစ်ဒေသကြီးသည် ပုဂံဒေသပင်ဖြစ်ပါသည်။
စေတီ၊ ပုထိုး၊ ဂူကျောင်း၊ ပြာဿာဒ်၊ ဇရပ်၊ တန်ဆောင်း၊ ဆည်မြောင်း၊ ချောင်းကန် တို့ဖြင့် တန်ဆာဆင်အပ်သော ပုဂံဒေသကြီးသည် ဗုဒ္ဓဘာသာလူမျိုးတို့အတွက် ဂုဏ်ယူ ဝင့်ကြွားနိုင်မည့် ဒေသတစ်ခုပင်ဖြစ်ပါသည်။ ပျူစောထီးမင်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း ပုဂံတွင် ယခုတိုင်တည်ရှိနေသော ဗူးဘုရားစေတီတော်မြတ်ကြီးက သက်သေထူနေပါတော့ သည်။ အနော်ရထာမင်းလက်ထက် နှစ်ပေါင်း (၈၀၀-၉၀၀)ကျော် ထေရဝါဒဗုဒ္ဓဘာသာစော၍ ရောက်ရှိခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို ပုဂံဒေသသို့ ဦးစွာယူဆောင်လာသူမှာ သမုဒ္ဒရာဇ် မင်းကြီးဖြစ်ပြီး ဗုဒ္ဓဘာသာကို တည်တံ့ပြန့်ပွားအောင် လုပ်ခဲ့သူမှာ ပျူစောထီးမင်းဖြစ်သည် ဟု မှတ်ယူကြရမည်ဖြစ်ပါသည်။ထို့အတူ ထေရဝါဒဗုဒ္ဓဘာသာကို ဒုတိယအကြိမ် ပြုစုပျိုးထောင်ထွန်းကားပြန့်ပွားရန် ဆောင်ရွက်ခဲ့ကြသော အရှင်အရဟံ၊ အနော်ရထာ၊ ကျန်စစ်သားတို့၏ ကျေးဇူးသည်ကား လွန်စွာများပြားလှပေသည်။ ပျူစောထီးခေတ်စေတီများ၊ မြို့ဟောင်းများကို လေ့လာရခြင်း အားဖြင့် ပုဂံဒေသတွင် အေဒီ(၂)ရာစုမှစတင်ပြီး ယခုထိတိုင် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားလျှက် တွေ့ရှိရမည်ဖြစ်ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved