စေတီတော်ကြီး၏သမိုင်း
ဓမ္မရာဇကဘုရားသမိုင်း

ပုဂံမင်းဆက် (၅၅)ဆက်ရှိသည့်အနက် (၄၈)ဆက်မြောက် နရပတိစည်သူမင်းကြီး သည် ဓမ္မရာဇကစေတီတော်မြတ်ကြီးကို သမထီးအရပ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ သက္ကရာဇ် ၅၅၈ ခုနှစ် သီတင်းကျွတ်လဆန်း (၁၃)ရက်၊ တနင်္ဂနွေနေ့တွင် သီရိတြိဘုဝနာ ဒိတျာပဝရပဏ္ဍိတဓမ္မရာဇာ ဇေယျသူရ(နရပတိစည်သူ)မင်းကြီးသည် ဓမ္မရာဇကစေတီတော် မြတ်ကြီးကို ဓမ္မပါလစစ်သူကြီးအား တာဝန်ပေး၍ တည်ထားခဲ့ကြောင်း၊ စေတီမတည်ထားမီ က ပုညခေတ်ဖြစ်သည့်အားလျော်စွာ ဇမ္ဗူလက္ခဏာရှိသောမြေကို ကြည့်လတ်သော် နဂိုမူလ ဘူမိနတ်သံမြေမှန်သော သမထီးနယ်မြေအတွင်း ဓမ္မပါလစစ်သူကြီးတို့ ဇနီးမောင်နှံ နေထိုင် သည့် ဝန်းခြံမြေဗဟိုတည့်တည့်တွင် ထန်းလုံးခန့်အတိုင်းရှည်ရှိ ဖွေးဖွေးဖြူသော (၅)မြောင့် (၅)မျက်နှာရှိ သဏ္ဍာန်နိမိတ်ကို မြင်တော်မူလေသည်။
နရပတိစည်သူမင်းကြီးသည် ဓမ္မပါလစစ်သူကြီးတို့ ဇနီးမောင်နှံနေထိုင်သည့် ဝန်းခြံမြေကို ဝယ်ယူ၍ (၅)မျက်နှာ (၅)ထောင့်ရှိသော ဓမ္မရာဇကစေတီတော်မြတ်ကြီးကို ဓမ္မပါလစစ်သူကြီးအား တာဝန်ပေး၍ တည်ထားစေခဲ့သည်။
သက္ကရာဇ် ၅၅၉ ခုနှစ် သီတင်းကျွတ်လဆန်း (၂)ရက်၊ သောကြာနေ့တွင် မူလ နက္ခက်မန်လဂ်နေ့သုံးဗဟိုတွင် ကျောဖျာထက် အုတ်ဦးဖွဲ့၏။ သီဟို (သီရိလင်္ကာ)ကျွန်းသို့ ဓာတ်တော်တောင်းစေလွှတ်ရာ သီဟို (သီရိလင်္ကာ)မင်းထံမှ သရီရဓာတ်တော် (၃၀) ရချေသော် ဓာတ်တော် (၄)လုံးနှင့်တကွ ကျောက်ဖျာထက်ဌာပနာသည်။ သက္ကရာဇ် ၅၆၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆုတ် (၂)ရက်၊ သောကြာနေ့တွင် အထွတ်တင်သည်။ ဖော်ပြပါကျောက်စာ မှတ်တမ်းအရ ဓမ္မရာဇကစေတီတော်မြတ်ကြီးတည်ထားချိန် (၂)နှစ်တာနှင့် ပြီးမြောက် ကြောင်းသိရပါသည်။
အမျိုးဂုဏ်ဇာတိဂုဏ်
နရပတိစည်သူမင်းကြီးလက်ထက်တွင် မြန်မာနိုင်ငံတော်ကြီးကို တည်တံခိုင်မြဲစေ ခဲ့ကာ စစ်သွားသောသူရဲကောင်း ၁၅၀၀၀၀၀၊ အရံထားသောသူရဲကောင်း ၁၀၀၀၀၀ဖြင့် မြန်မာနိုင်ငံတော်၏ လုံခြုံရေးကို စွမ်းဆောင်နိုင်ခဲ့ပါသည်။ သားတော်များဖြစ်သည့် ဇေယျသူရ၊ ရာဇသူ၊ ကင်္ကသူ၊ ပြန်ချီ၊ ဇေယျသိင်္ခ သားတော်(၅)ပါးနှင့် ဓမ္မပါလစစ်သူကြီးတို့၏ ဦးဆောင် မှုဖြင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် မြန်မာလူမျိုး တို့၏ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစွာ စိုးစံခဲ့သည်ကို တွေ့ရပါသည်။
ပုဂံတွင် ငါးမျက်နှာဘုရားပေါင်း(၁၆)ဆူ ရှိသည့်အနက် ဓမ္မရာဇကစေတီတော် မြတ်ကြီးသည် အကြီးဆုံး(၅)မျက်နှာစေတီကြီးဖြစ်ပါသည်။ တည်ဆောက်ထားမှုအားလုံးမှာ (၅)ချိုးစနစ်ဖြင့် အသုံးပြုထားပြီး တည်ဆောက်မှုအဆန်းပြားဆုံးနှင့် ခန့်ညားထည်ဝါမှု အရှိဆုံးဖြစ်ပါသည်။ တန်ဖိုးမဖြတ်နိုင်သော ဗိသုကာလက်ရာ၊ နံရံဆေးရေးပန်းချီ၊ ယဉ်ကျေးမှု အမွေအနှစ်များစွာ တည်ရှိနေသောကြောင့် ဓမ္မရာဇကစေတီတော်မြတ်ကြီးသည် ကမ္ဘာ့ အလယ်တွင် မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစွာဖြင့် တည်ရှိနေသော မှတ်တိုင်တစ်ခုပင်ဖြစ်ပါသည်။
သာသနာတော်ထွန်ကားပြန့်ပွားမှု
ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီး တည်ထားသော ဓမ္မရာဇကစေတီတော်မြတ်ကြီး သည် နှစ်ပေါင်း (၇၉၈) နှစ်အတွင်း တစ်စတစ်စယိုယွင်းပျက်စီးလာလေသည်။ အကြီးမားဆုံး သဘာဝဘေးတစ်ခုဖြစ်သည့် ငလျင်ဒဏ်သည် ပုဂံခေတ်နောက်ပိုင်းတွင် (၇) ကြိမ်ထိ ပုဂံဒေသအတွင်း လှုပ်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။
နှစ်ပေါင်းကာလကြာမြင့်၍ ယိုယွင်းပျက်စီးနေသော ဓမ္မရာဇကစေတီတော်မြတ်ကြီး ကို အလိုတော်ပြည့်ဆရာတော်ကြီး ဘဒ္ဒန္တအရိယဝံသ ဦးစီးဦးဆောင်ပြု၍ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် တပ်မတော်ထောက်လှမ်းရေးမိသားစု၊ စေတနာရှင်ပြည်သူများက ၁၉၉၆ခုနှစ်တွင် ခြုံနွယ်ပိတ်ပေါင်းများဖြင့် ရှပ်ထွေးနေမှုနှင့် အဘက်ဘက်မှ ပျက်စီးယိုယွင်းနေမှုများအား ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။
ဓမ္မရာဇကစေတီတော်မြတ်ကြီးအား ပြန်လည်မွမ်းမံပြီးနောက် (၂၀-၆-၁၉၉၇)နေ့ ၁၃၅၉ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ သောကြာနေ့တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် တပ်မတော် ထောက်လှမ်းရေးမိသားစု၊ စေတနာရှင် လုပ်သားပြည်သူတို့၏ ကောင်းမှုစေတနာဖြင့် ရွှေထီး တော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ခြင်းအခမ်းအနားကို ပုဂံဒေသတွင် မကြုံစဖူး ထူးကဲစည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးအောင်မြင်ခဲ့ပါသည်။၁၉၉၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် တပ်မတော် ထောက်လှမ်းရေးမိသားစု၊ စေတနာရှင်ပြည်သူလူထု၏ စေတနာဖြင့် စေတီတော်မြတ်ကြီး၏ သပိတ်မှောက်မှစ၍ စေတီတော်အထွဋ်တိုင်အောင်နှင့် အရံစေတီ၊ ပန်းအိုးများကို ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ပါသည်။
ဓမ္မရာဇကစေတီတော်မြတ်ကြီးအား ဒုတိယအကြိမ် ညောင်ဦးမြို့၊ အလိုတော်ပြည့် စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတဦးဆောင်၍ တောင်ကြီးမြို့မှ အလှူရှင် ဒေါ်ရွှေဇင်မေထွန်း မိသားစုက ၂၀၁၉ ခုနှစ်တွင် ကြာမှောက်၊ ကြာလှန်မှ ဖောင်းလုံးတော်အထိလည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် ခေါင်းလောင်းတော်အောက်ခြေထိ ရွှေသင်္ကန်းကပ်လှူခဲ့ပါသည်။ စေတီတော် ကြီးအား စက်ရွှေဆိုင်းအမျိုးအစားဖြင့် ကပ်လှူပူဇော်ခဲ့ပါသည်။
ဓမ္မရာဇကစေတီတော်မြတ်ကြီးအား (၂၇-၁၂-၂၀၂၃) နေ့၊ ၁၃၈၅ ခုနှစ်၊ နတ်တော် လပြည့်နေ့တွင် ညောင်ဦးမြို့၊ အလိုတော်ပြည့် စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ ဦးဆောင်၍ ရန်ကုန်မြို့နေအလှူရှင် ဦးအောင်ချစ်ခင်+သီဟသုဓမ္မသိင်္ဂီ ဒေါ်ဖြူဖြူစိမ်း မိသားစုက ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ ညှိနှိုင်းပေါင်းစပ်၍ ဒုတိယအကြိမ် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved