စေတီတော်ကြီး၏သမိုင်း

တုရင်တောင်စေတီတော်ကြီး၏သမိုင်း

တုရင်တောင်သည် တောင်ဘက်ရှိ သက်စိုးတောင်နှင့် ဆက်စပ်နေပြီး လွန်ခဲ့သော နှစ် (၂၅) သန်းခန့်က ဖြစ်ပေါ်ခဲ့သည့် သဲကျောက်တောင် အမျိုးအစားဖြစ်သည်။ ရွှေစည်းခုံစေတီတော်ကို တည်ခဲ့ စဉ်က တုရင်တောင်မှ ကျောက်တုံးများ သယ်ယူခဲ့ပါသည်။
အနော်ရထာမင်းကြီးက စွယ်တော်ပွားကိုတင်ပြီး အဓိဌာန်ပြု၍ ဆင်ဖြူရတနာ စေလွှတ်ခဲ့ရာ တုရင် တောင်ထိပ်၌ ဆင်ဖြူရတနာဝပ်တော်မူ၍ စွယ်တော်မြတ်ကို တုရင်တောင်ထိပ်၌ ဌာပနာ၍ ၁၀၆၀ ပြည့်နှစ်၊  သက္ကရာဇ် ၄၂၁ ခုနှစ်၌ တည်ထားကိုးကွယ်ခဲ့သော စတုတ္ထမြောက် စွယ်တော်မြတ်စေတီတော် တစ်ဆူဖြစ်ပါသည်။ ယင်းစေတီကို တုပ်ဝပ်တောင်ဟုတွင်စေ၏။ တုရင်တောင်သည် ပါဠိဘာသာ တုရင်္ဂမှ ဆင်းသက်လာပြီး၊ တုရင်္ဂဟူသည် လျင်မြန်သောအနက်ကိုဟော၍ “မြင်းနှင့်တူသောတောင်”ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ အနော်ရထာမင်းသည် တုရင်တောင်စေတီကို ဖိနပ်တော်ရှစ်မြှောင့်ခံ၍ ခေါင်းလောင်း ပုံတည်ထားခဲ့သည်။ စေတီတော်အောက်ခြေတွင်  ဆင်(၃၂)ကောင်ခံခဲ့ပြီး မူလစေတီတော် ပုံစံသည် သေးသွယ်၍ အပေါ်သို့ချွန်တက်သွားသော ဖောင်းရစ်အဆင့်ဆင့်ပါရှိသည့် ရိုးရှင်းသော စေတီပုံစံဖြစ်သည်။

စေတီတော်အောက်ခြေတွင် ဆင်(၃၂)စီးခံ၍ တည်ထားခဲ့ပုံ

တုရင်တောင်၏ အနောက်ဘက်တွင် ကျန်စစ်သားမင်းကြီး တူးဖော်ခဲ့သော မြကန်ရှိသည်။ ယခုအခါ မြကန်ကို တမံ အဖြစ်တည်ဆောက်ထားသည်။ ကန်တော်၏ မူလဘွဲ့အမည်မှာ “မဟာနိဗ္ဗာန လက်ဆွဲ ချီရေ (သို့) မဟာနိဗ္ဗာန် လက်ဆွဲချီကန်”ဟု ကျောက်စာများတွင် တွေ့ရပါသည်။ ရေကန်ကြီး၏အလှကို ဖွဲ့ဆိုသော ပုဂံခေတ်ကဗျာလေးတစ်ပုဒ်ကို မှတ်သားရဖူးပါသည်။ ယင်းကဗျာလေးမှာ –

မြကန်

မြကန်သာ
တောင်ကျချောင်းတေး
ရေဝင်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
တာဝတိံသာက နန္ဒာလော
တူစွဟုတ္တာ။

မြကန်ကို အမှီပြု၍ လယ်ယာမြေများ ဖွံ့ဖြိုးလှသဖြင့် တစ်နှစ်လျှင် သုံးသီးစားရကြောင်း မော်ကွန်း တင်ခဲ့သည်။ ယခုအခါတွင်မူကား မိုးအလွန်ကောင်းသောနှစ်များတွင်သာ မြကန်ကို ရေဖွေးဖွေးနှင့် မြင်ရ သည်။

အမျိုးဂုဏ်ဇာတိဂုဏ်

 မြန်မာလူမျိုး ဗုဒ္ဓဘာသာဖြစ်ရခြင်းနှင့် သာသနာ စတင်မျိုးစေ့ချ ထွန်းကားရာ ပုဂံမြေသို့ ရောက်ရှိ ခွင့်ရလာခြင်းကို ဂုဏ်ယူသောစိတ်များလည်း တဖွားဖွား ပေါ်ပေါက်လာပြီး သာသနာ့အမွေ၊ အမျိုးဂုဏ် ဇာတိဂုဏ်များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်များလည်း ဖြစ်ပေါ်လာပါသည်။

သာသနာတော်ထွန်ကားပြန့်ပွားမှု

စေတီတော်ကြီး၏ဒါယကာ အနော်ရထာမင်းကြီး နတ်ရွာစံပြီးနောက် ပုဂံမင်းအဆက်ဆက် တို့နှင့်တကွ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် မင်းအဆက်ဆက်တို့ စောင့်ထိန်းပြုပြင် ကိုးကွယ် ခဲ့ပါသည်။
တတိယအင်္ဂလိပ် မြန်မာ စစ်ပွဲကာလနှင့် မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရတို့ သိမ်းယူပြီး ၁၂၄၇ ခုနှစ် နောက်ပိုင်းတွင် တိုင်းပြည်နှင့်အဝှမ်း မတည်မငြိမ်ဖြစ်ခဲ့ကြရသည်။ စေတီတော်ကြီးအား ပြုပြင် စောင့်ရှောက်မှု အားနည်းခဲ့ပါသည်။ အင်္ဂလိပ်နယ်ချဲ့လက်ထက် သာသနာသက္ကရာဇ် ၂၄၅၆ခု၊ ကောဇာ သက္ကရာဇ် ၁၂၇၄ခုနှစ်တွင်မှသာ ပထမတောင်ပေါ်ကျောင်းဆရာတော် ဦးအာလောက၏ စီမံဦးဆောင်မှု ဖြင့် ညောင်ဦးမြို့ဈေးရပ် ဦးမှုံ၊ ဒေါ်သာယာတို့မိသားစုမှ စေတီတော်ပြုပြင်ခြင်း၊ ကျောင်းကန်ဇရပ်နှင့် သိမ်များ ပြုပြင်လှူဒါန်းခြင်းတို့ကို တွေ့ရပါသည်။
တုရင်တောင်စေတီတော်ကြီး၏ ထီးတော်ကို အသစ်ပြန်လည်ကပ်လှူနိုင်ရန်အတွက် ပထမတောင်ပေါ် ဆရာတော်ဦးအာလောကသည် ထီးတော်သစ်ပြုလုပ်တင်လှူရန် ချောက်ကန် ရွာဦးကျောင်းဆရာတော် ဦးစန္ဒိမာအား တာဝန်ပေးအပ်ခဲ့ပြီး ဦးစန္ဒိမာက ဦးဆောင်၍  ပန်းချီ၊ ပန်းပု၊ ပန်းဘဲ၊ ပန်းတိမ် စသောပညာများကို တတ်မြောက်သော ချောက်ကန်ရွာသူ၊ ရွာသားတို့ကို နှိုးဆော်တိုက်တွန်းပြီး          ဘုံ(၁၅)ဆင့်ရှိသော ထီးတော်ကို  ၁၂၆၃ ခုနှစ်၌ တင်လှူပူဇော်နိုင်ခဲ့ပါသည်။ ယခုလက်ရှိ တုရင်တောင် စွယ်တော်မြတ်စေတီတော်ကြီး၏ ထီးတော်ကို ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်၊၁၃၅၂ ခု၊ တပေါင်းလပြည့်နေ့တွင် ကုသိုလ်ရှင်ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်နှင့်ဇနီးဒေါ်နီနီတို့မှ ကုသိုလ်ပြု တင်လှူထားပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top