မဟာ‌ရွှေသိမ်တော်ဘုရားသမိုင်း

မဟာရွှေသိမ်တော် ဘုရားသမိုင်း

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သင်တောင်းကြီးရွာရှိ ဆုတောင်းပြည့်အဓိဋ္ဌာန်အောင် မဟာရွှေသိမ်တော်မြတ်စွာဘုရားကြီးသည် သက္ကရာဇ် (၃၉၅)ခုနှစ်တွင် အနော်ရထာမင်းမြတ် တည်ထားကိုးကွယ်၍ ရှင်အရဟံရဟန္တာကိုယ်တော်တိုင် စေတီတော်ကြီး၊ ရုပ်ပွားတော်နှင့် သိမ်တိုက်တော်တို့အားတွဲလျက် သိမ်သမုတ်တော်မူခဲ့ရာ အနော်ရထာမင်းကြီးတည်ထား ခဲ့သော စေတီတော်ကြီး၏ ဉာဏ်တော်အမြင့်သည် (၉)တောင်သာလျှင်ရှိပြီး ၁၃၀၉ ခုနှစ်တွင် ရွာသူ/ ရွာသားများကောင်းမှုဖြင့် မူလစေတီငုံ၍ (၁၅)တောင်မြှင့်ပြီး ဒုတိယအကြိမ်လုံးပတ်တော်ဖွင့် ဉာဏ်တော် မြှင့်ကိုးကွယ်ပူဇော်ခဲ့ရာ ၁၃၅၆ ခုနှစ်မှ သင်တောင်းရွာသူ/ရွာသားများနှင့် ကျောက်ဆည် နယ်သူ/ သားများ ကောင်းမှုဖြင့် (၁၅) တောင်ကိုငုံကာ ဉာဏ်တော်(၃၄)တောင်အမြင့်သို့ ထပ်မံမြှင့်၍ ပူဇော်ခဲ့ကြပါသည်။

အရှေ့ဘက်သို့ မျက်နှာမူ၍ မုခ်တစ်ခုတည်းသာရှိတဲ့စေတီတော်ဖြစ်ပြီး မုခ်ထဲတွင် ဆုတောင်းပြည့် ရွှေသိမ်တော်မြတ်စွာဘုရား ကိန်းဝပ်တော်မူသော တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပါသည်။ ရွှေသိမ်တော် ရုပ်ပွားတော်၏ ဉာဏ်တော်အမြင့်မှာ (၃)ပေ(၂)လက်မရှိပြီး သိမ်တိုက်တော်၏ အကျယ်အဝန်းမှာ အရှေ့အနောက် (၄၃) ပေ ၊ တောင်မြောက်(၃၆) ပေရှိပါသည်။ မဟာရွှေသိမ်တော်မြတ်စွာဘုရားသည် ကျောက်ဆည်မြို့မြောက်ဘက်(၂)မိုင်အကွာ ရန်ကုန်၊ မန္တလေး ကားလမ်းအရှေ့ဘက်တွင်တည်ရှိပါသည်။

၁၂၈၂ ခုနှစ်တွင် ရွာသူ/သားများ မိုးပေါ်ကျရောဂါဖြင့် သေကြေပျက်စီးမှုများဖြစ်ပေါ်လာခဲ့ပါသည်။ ထိုအခါရွာသူကြီးအား အိမ်မက်ပေးခဲ့ရာ သင်တောင်းကြီးရွာ၏ အနောက်ဘက်တွင် အနော်ရထာမင်းမြတ် တည်ထားပြီး ရှင်အရဟံရဟန္တာကိုယ်တော်တိုင် သိမ်သမုတ်တော်မူခဲ့သည့် ရွှေသိမ်တော်မြတ်စွာဘုရား ဘွဲ့တော်ဖြင့် ဘုရားတစ်ဆူရှိသည်ဟု အိမ်မက်ပေးခဲ့ပါသည်။ ထိုဘုရားအား မွမ်းမံပြင်ဆင်၍ ဆွမ်းတော်ကြီး ကပ်ပွဲများပြုလုပ်လှူဒါန်းကြလျှင် အန္တရာယ်ကင်းပြီးစီးပွားဥစ္စာများတိုးတက်လာလိမ့်မည်ဟု ရွာသူကြီးအား အိမ်မက်ပေးသောကြောင့် ၎င်းအိမ်မက်အတိုင်း ရွာသူ/သားများ လိုက်လံရှာဖွေသောအခါ မွန်းနံခြုံများဖြင့် ဖုံးအုပ်နေ၍ ရှင်းလင်းကြရာ စေတီတော်ရုပ်ပွားတော်နှင့် သိမ်ပန္နပ်များတွေ့ရှိကြပါသည်။

ထိုအခါ ရွာသူကြီးမှ ရွာသူ/သားများနှင့် တိုင်ပင်ညှိနှိုင်းကြရာ ဘုရားအား ပြန်လည်မွမ်းမံပြင်ဆင်ပြီး ဆွမ်းတော်ကြီးကပ်ပွဲများ ပြုလုပ်လှူဒါန်းရန် တိုင်ပင်ညှိနှိုင်းကြပြီး ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀)ရက် (၁၁)ရက်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကျင်းပပြုလုပ်ခဲ့ကြပါသည်။

          တပို့တွဲလပြည့်နေ့တွင် နှမ်းမနဲကပ်လှူပွဲများကျင်းပခြင်း၊

          ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းခြင်းနှင့် ဆွမ်းကြီးလောင်းလှူပွဲကျင်းပခြင်း၊

          ဝါဆိုလပြည့်နေ့တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဝါဆိုပန်းကပ်လှူပွဲများ နှစ်စဉ်ကျင်းပပြုလုပ် လှူဒါန်းလျက်ရှိကြသည်မှာ ယခုနှစ်တိုင်ထိပြုလုပ်ကြပါသည်။ ဘုရားကြီးအား မွမ်းမံပြင်ဆင်ဆွမ်းတော်ကြီး ကပ်ပွဲများ ကျင်းပပြုလုပ်ပြီးသည့်နှစ်မှစ၍ သင်တောင်းကြီးရွာသူ/သားများ သည် အန္တရာယ်ကင်းပြီး စီးပွားဥစ္စာများတိုးတက်ကြ၍ နှစ်စဉ်နှစ်တိုင်းလှူဒါန်းလျက်ရှိကြပါသည်။

ထူးခြားသည်မှာ တစ်ဦးနှင့်တစ်ဦး အငြင်းအပွားဖြစ်ပေါ်လာသည့်အခါ ရွှေသိမ်တော်ဘုရားသို့ လာရောက်၍ မြောက်ဘက်မုခ်မှ ကန်တော့ပွဲဖြင့်ဝင်လာပြီး ငါးပါးသီလဆောက်တည်ကျကာ မီးပြိုင် ပန်းပြိုင် သစ္စာပြုဆုတောင်း၍ အမှားအမှန်ဆုံးဖြတ်ကြပါသည်။

ဤသည်ကို တရားပြိုင်သည် ရွှေသိမ်တော်ဝင်သည်ဟုခေါ်ဆိုကြပါသည်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအဆင်မပြေမှုများ ဖြစ်ပေါ်လာသောအခါတို့တွင်လည်း မိမိဖြစ်စေချင်သောအရာများကို အဓိဋ္ဌာန်ပြုဆုတောင်းကန်တော့ပွဲများဖြင့် လှူဒါန်းပူဇော်ကြရာ အဓိဋ္ဌာန်အောင်မြင်သွားလေ့ရှိကြပါသည်။

သို့ဖြစ်ပါ၍ ထူးခြားထင်ပေါ် မဟာရွှေသိမ်တော်ဟု ထင်ပေါ်ကျော်ကြားလူသိများ၍ လာရောက် ဖူးမြော်ဆုတောင်းအဓိဋ္ဌာန်လျက်ရှိကြပါသည်။

မဟာရွှေသိမ်တော်မြတ်စွာဘုရား မုခ်ဦးမှဝင်လာ၍ ဘုရားဝင်းအတွင်းအဝင်လက်ဝဲဘက်တွင် ဘုရားဈေးတန်းတွေ့ရှိပြီး အရှေ့ဘက်တွင် ဘုရားဖူးယာဉ်များ အေးချမ်းစွာနားနေရန် မိုးလုံနေလုံ ကားပါကင်ရှိ၍ မြောက်ဘက်တွင် အများသုံးသန့်စင်ခန်း အခန်း(၂၀)ရှိပါသည်။ ဘုရားဝင်းအတွင်း အဝင်လက်ယာဘက်တွင် စားသောက်ဆိုင်ခန်းများနှင့် အရှေ့ဘက်ဘုရားဖူးများနားနေရန် အရှေ့ အနောက် (၁၂၀)ပေ၊ တောင်မြောက်(၅၅)ပေရှိသော ကေသီဦးဓမ္မာရုံကြီး(၁)လုံးရှိပါသည်။ တောင်ဘက်တွင် ဘုရားဖူး

များညအိပ်နားနေရန် (၆၀)ပေ(၃၆)ပေရှိ RC နှစ်ထပ်အဆောက်အဦတစ်လုံးရှိပါသည်။ အရှေ့ဘက်တွင် နဂါးရုံရေကန်တော်ကြီးရှိပါသည်။ မဟာရွှေသိမ်တော်မြတ်စွာဘုရား ရင်ပြင်တော်ရှိ အရှေ့တောင်ဒေါင့် အလျား(၈၀ ပေ x အနံ ၄၀ ပေ)ရှိ ဓမ္မာရုံကြီး(၁)လုံးရှိပြီး အရှေ့ဘက်တွင်အဆင့်မြင့်သန့်စင်ခန်းရှိပါသည်။

မဟာရွှေသိမ်တော်မြတ်စွာဘုရား၏ အရှေ့ဘက်မုခ်ဦးအဝင်လက်ဝဲဘက်တွင် အောင်ခေါင်းလောင်း တော်နှင့် အောင်မောင်းတော်ကြီးရှိပါသည်။ သိမ်တိုက်တော်၏ အရှေ့တောင်ဒေါင့်ကပ်လျက် ရှိသော ဉာဏ်တော်(၂၇)ပေရှိ နောင်တော်ကြီးလက်ခံစေတီ(၁)ဆူရှိပါသည်။ သိမ်တိုက်တော်၏ တောင်ဘက် ဘုရားဖူးများသောက်သုံးရန် ရေသန့်ရေအေးစက်(၂)လုံးရှိပါသည်။ သိမ်တိုက်တော်၏ အရှေ့မြောက်ဒေါင့် တွင် အောင်မြေနင်းဆုတောင်းရန်ရှိပါသည်။ မြောက်ဘက်မုခ်တွင် အဘယက္ခညီနောင်(၂)ပါး စောင့်ရှောက် လျက်ရှိပါသည်။ အနောက်မုခ်အဆင်းတွင် အနော်ရထာမင်းကြီးရုပ်တု ရှိပါသည်။ သိမ်တိုက်တော်အတွင်းရှိ ရွှေသိမ်တော်ရုပ်ပွားတော်မြတ်ကြီးအား ဆုတောင်းကန်တော့ပြီး စေတီတော်ကြီးပတ်လည်တွင် ကန်တော့ပွဲ များဖြင့် ဆုတောင်းအဓိဋ္ဌာန်ပြုလှူဒါန်းလျက်ရှိကြပါသည်။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်

ဘုရားများလမ်းညွှန်

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top