ဘုရားသမိုင်း
မန္တလေးတောင်တော် ဘုရားသမိုင်း
မန္တလေးတောင်သည် မန္တလေးမြို့မြောက်ဘက်တွင် တည်ရှိပြီး တောင်ပေါ်မှ ကြည့်လျင် မန္တလေးမြို့ ကြီးကို အပေါ်မှ ဖုံးအုပ်ထားသကဲ့သို့ မြင်ရပြီး မန္တလေးနန်းမြို့ ကျုံး။ပြဿဒ်နှင့် ရတနာပုံ မင်းနေပြည် နန်းတော်တို့ကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။
မန္တလေးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၇၇၆)ပေ ၊ မြေပြင်မှ ပေ(၅၀ဝ)မြင့်သည်။ မန္တလေးတောင်တော်ကို စောင်းတန်းကြီးလေးသွယ်မှ တက်နိုင်သလို ကားလမ်းဖြင့်လည်း တက်နိုင်သည်။ စောင်းတန်းကြီးလေးသွယ်မှာ-
၁။ ခြင်္သေ့ကြီးနှစ်ကောင်ရှိရာ တောင်ဘက်စောင်းတန်း
၂။ အနောက်ဘက်စောင်းတန်း
၃။ မြောက်ဘက်စောင်းတန်း
၄။ မန္တလေးဘိုးဘိုးကြီးနတ်နန်းတည်ရှိရာ အရှေ့တောင်စောင်းတန်း တို့ဖြစ်သည်။
မန္တလေးတောင်၏ တောင်ထိပ်အမြင့်ဆုံးနေရာတွင် ဆုတောင်းပြည့်စေတီတော်ကြီး တည်ရှိသည်။ စေတီတော်ပေါ်သို့ တက်ရောက်ဖူးမျှော်နိုင်ရန်အတွက် ဓါတ်လှေကား၊စက်လှေကားများ တပ်ဆင်ပေးထား သည်။
ဆုတောင်းပြည့်စေတီတော်ကြီးသည် ညဏ်တော်(၈၁)ပေ၊ လုံးပတ်တော်(၇၄)ပေ၊ ရင်ပြင်အကျယ် အဝန်း (၆၅၀)ပေ၊ တိုးချဲ့ရင်ပြင်အကျယ်အဝန်း(၁၀)ပေ ရှိပါသည်။
သက္ကရာဇ် (၁၂၂၁) ခုနှစ်တွင် မင်းတုန်းဘုရင် မင်းမြတ်သည် မန္တလေး ရတနာပုံ မြို့တော်ကြီးကို
၁။ နန်းမြို့တော်၊ ၂။ ရွှေမြို့တော်၊ ၃။ ရွှေကြိုးသတ်နယ်ဟု (၃)ပိုင်း သတ်မှတ်လျက် တည်ထောင်ခဲ့ရာ မန္တလေးတောင်သည် နန်းမြို့တော် မြောက်ဘက်တွင် တည်ရှိသောကြောင့် ရွှေကြိုးသတ်နယ်ထဲတွင် ပါဝင်သည်။
ဆုတောင်းပြည့်စေတီတော်ကြီးကို ရှေးမြန်မာ သာသနာပြုမင်းများဖြစ်ကြသော-
၁။ (အေဒီ-၇၄၀)တွင် သီရိဓမ္မသောကမင်းကြီးမှ မေးရိုးတော် ထည့်သွင်းဌာပနာခြင်း။
၂။ ဒွတ္တဘောင်မင်းကြီးမှ သက္ကရာဇ်(၁၀၁)ခုနှစ်တွင် ညှပ်ရိုးတော် ထည့်သွင်း ဌာပနာခြင်း။
၃။ သက္ကရာဇ်(၃၆၄) ခုနှစ်တွင် အနော်ရထာမင်းကြီးမှ ဘုရားရှင်၏သင်းကျစ်တော်ဌာပနာခြင်း။
၄။ သက္ကရာဇ်(၈၃၀)ခုနှစ်တွင် မင်းကြီးသီဟသူမှ စေတီတော်ကြီး၏ အာရုံခံနှင့် စောင်းတန်းများ လှူဒါန်းခဲ့သည်။
စေတီတော်ကြီး၏ တနင်္ဂနွေထောင့်တွင် အောင်မြေ(၁၁)ဌာနပေါင်းစပ်ထားသည့် အောင်မြေ ပေါင်းချုပ် ရှိသည်။ အင်္ဂါထောင့်တွင် ဘုရားဖူးလာအများပြည်သူများ ရေသပ္ပါယ်နိုင်ရန်အတွက် ဂြိုလ်ပြေနံပြေ ဘုရားရှိပါ သည်။စေတီတော်ကြီး၏ အောက်ခြေတွင် မုခ်(၄)မုခ်ထားကာ ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ဂေါတမဘုရားလေးဆူထည့်သွင်းပူဇော်ထားပါသည်။ထိုဘုရား(၄)ဆူအားမနုတ္တရသင်းကျစ်မာရ်မင်းစစ် ကို အောင်မြင်တော်ဟန် သဏ္ဌန်တူစွာ ပြုထားပါသောကြောင့် လာရောက်၍ ဘုရားဖူးသူများ ဆုတောင်းပြည့် သည့်အတွက် ဆုတောင်းပြည့်စေတီတော်ကြီး၊ ဆုတောင်းပြည့်ဘုရားဟု ရှေးယခင် ကတည်းက အမည်တွင် သည်။
ဆုတောင်းပြည့်ဘုရားကြီးဖူးမျှော်ပြီးလျှင် အခြားတန်ခိုးကြီးဘုရားများကိုလည်း ဖူးမျှော်ကြည်ညိုနိုင် ပါသည်။
၁။ စန္ဒမုခိမယ်တော်ကြီးဘုရား
၂။ မြတ်စောညီနောင်ဘုရား(ဗြန့်ကြီး)
၃။ ဗျာဒိတ်ပေးဘုရားကြီး
၄။ ပြည်လုံးချမ်းသာဘုရားကြီး
၅။ ကုဿိန္နာရုံအင်ကြင်းတောဘုရား
၆။ နန်းဦးဆုတောင်းပြည့် ဘုရားကြီး
၇။ စွယ်တော်တိုက်ဂေါတမမြတ်စွာဘုရား
၈။ ဓါတ်တော်တိုက်ဘုရား
၉။ မြွေကြီးနှစ်ကောင်ဘုရား တို့ကို ဖူးမျှော် ကြည်ညိုနိုင်ပါသည်။







သာသနာတော်ထွန်းကာပြန့်ပွားမှု
မန္တလေးတောင်တော်ကြီးကို ရှေးမြန်မာမင်းများ လက်ထက်ကတည်းက သာသနာပြုလုပ်ငန်းများ အဆက်မပြတ် ပြုလုပ်ထိမ်းသိမ်းခဲ့သည်။
သက္ကရာဇ် ၁၂၆၉-ခုနှစ်တွင် မန္တလေးတောင်ကို ပြုပြင်ရန်အတွက် ရသေ့ကြီးဦးခန္တီမှ တောင်ခွင် သာသနာပိုင် ဆရာတော်ထံတွင် ခွင့်တောင်းခဲ့သည်။ သာသနာပိုင်ဆရာတော်ကြီးက ရသေ့ကြီး၏ စွမ်းဆောင် နိုင်စွမ်းကို သိသောကြောင့် ခွင့်ပြုခဲ့လေသည်။ ရသေ့ကြီးဦးခန္တီသည် မန္တလေးတောင်ကို ၁၂၆၉-ခုနှစ်၊ တပေါင်း လဆန်း(၁)ရက်နေ့တွင် စတင်ပြုပြင်ခဲ့သည်။
ရသေ့ကြီးသည် နှစ်ပေါင်း(၅၀)နီးပါးမျှ သာသနိကအဆောက်အဦးများကို တည်ဆောက်မွမ်းမံလာခဲ့ရာ (၁၃၀၇)ခုနှစ်တွင် လေဖြတ်ရောဂါရကာ (၁၃၁၀)ခုနှစ်၊ ပြာသိုလဆုတ်(၁၄)ရက်၊ သက်တော်(၈၂)နှစ်၊ ဗုဒ္ဓဟူးနေ့ တွင် ကွယ်လွန်ခဲ့သည်။
ရသေ့ကြီးဦးခန္တီ ကွယ်လွန်တော်မူပြီးနောက် ၁၉၄၉-ခုနှစ်မှ ၁၉၉၁-ခုနှစ်အထိ မန္တလေးတောင်တော် အုပ်ချုပ်ရေးဆရာတော်ကြီးများမှ မန္တလေးတောင်တော်အား သာသနိကဆောက်အဦးများ မပျက်စီးမယိုယွင်း အောင် ထိမ်းသိမ်းစောင့်ရှောက်ခြင်း၊ ရှေးမူမပျက် ပြန်လည်းမွမ်းမံခြင်း၊ စေတီတော်ကြီးများ ထီးတော်တင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘုရား၊ တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြဿဒ်များအား ရှေးမူမပျက်ပြုပြင်ထိမ်းသိမ်းခြင်း၊ စိမ်းလန်းစိုပြေရေး၊သန့်ရှင်းသာယာလှပရေးစသည့် လုပ်ငန်းတာဝန်များကို (၁၉.၁၂.၁၉၄၉)မှ (၁၉.၄.၁၉၉၁) နေ့ အထိ အချိန်ကာလအားဖြင့်(၄၂)နှစ်တိုင်တိုင် စောင့်ရှောက်ထိမ်းသိမ်း သာသနာပြုခဲ့သည်။ဘုရား၊တန်ဆောင်း၊ ဂူ၊ ကျောင်း၊ပြဿဒ်အမျိုးပေါင်း(၉)မျိုး ပြုပြင်ခဲ့ပါသည်။သာသနာတော်ထွန်းကားပြန့်ပွားတိုးတက်ခဲ့ပါသည်။
၁၉၉၁-ခုနှစ်၊ ဧပြီ(၁၉)ရက်နေ့မှ စပြီး မန္တလေးတောင်တော်ကို ဘက်စုံဖွဲ့ဖြိုးတိုးတက်ရေးကော်မတီမှ သာသနာပြုတာဝန်များ ဆောင်ရွက်ခဲ့ပါသည်။
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့လက်ထက်တွင်-
(က) ဆုတောင်းပြည့်စေတီတော်ကြီးအား ရွှေသင်္ကန်း ကပ်လှူခြင်း၊
(ခ)ရှေးဟောင်းဘုရား (၅၄)ဆူအား ပြုပြင်ထိမ်းသိမ်းခြင်း၊ (ယခု ဆုတောင်းပြည့် စေတီတော်ကြီးတွင် ပူဇော်ထားသော ဘုရားများ)၊
(ဂ) တောင်တက်လမ်း ဖောက်လုပ်ခြင်း၊(၁.၁၂.၈၈)မှ (၁.၁.၈၉)ထိ။
(ဃ)ဓါတ်လှေကားတည်ဆောက်ခြင်း၊(၂၉.၁၀.၉၁)မှ(၂၄.၇.၉၂)ထိပထမအဆင့်(၁၈.၆.၉၆)မှ(၅.၁၂.၉၆)ထိ ဒုတိယအဆင့်။
(င) တောင်ဆင်းလမ်းဖောက်လုပ်ခြင်း၊(၂၄.၁၀.၉၄)မှ (၁၇.၃.၉၅)အထိ။
(စ) ဆုတောင်းပြည့်ရင်ပြင်တော် စင်္ကြံပတ်လမ်း(၁၀)ပေပြုလုပ်တိုးချဲ့ခြင်း၊(၂၀.၄.၉၄)မှ (၃၁.၈.၉၄)ထိ။
(ဆ) ရွှေ့လျားစက်လှေကား တည်ဆောက်ခြင်း။(၂၉.၁၂.၉၄)မှ (၈.၂.၉၆)ထိ၊
(ဇ) ၁၉၉၂-ခုနှစ်တွင် မန္တလေးတောင်တော်ပတ်လည် သံဇကာများကာရံခြင်း၊
(စျ) တောင်တော်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ပတ်သက်၍ စီမံချက်များ ရေးဆွဲကာ စိုက်ပျိုးပင်များအား တိုးချဲ့စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျ ခွဲဝေသုံးစွဲနိုင်ရန် စီမံပြုလုပ်ခြင်း စသဖြင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည့် အတွက် မန္တလေးတောင်တော်သည် အဘက်ဘက်မှပြည့်စုံပြီး သာသနာထွန်းကားပြန့်ပွားမှု တိုးတက်ခဲ့ပါ သည်။
ဂေါပကအဖွဲ့မှ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း
မန္တလေးတောင်တော်ကြီးကို ၂၀၁၂-ခုနှစ်မှစ၍ ဂေါပကအဖွဲ့၊ ဖွဲ့ကာ ဂေါပကအဖွဲ့မှ မန္တလေး တောင်တော်ကြီး၏ သာသနိကအဆောက်အဦးများ၊ ထိမ်းသိမ်းခြင်း၊စောင့်ရှောက်ခြင်း၊ပြုပြင်ခြင်းများ၊ ခေတ်နှင့် အညီ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ချက်များကို (၂၀၁၂)ခုနှစ်မှစပြီး တာ၀န် ထမ်းဆောင်ခဲ့ကြပါသည်။
၁။ ၂၀၁၂-၂၀၁၃ခုနှစ်တွင် ဆုတောင်းပြည့်စေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ထီးတော်ပြုပြင်ခြင်း၊
၂။ စေတီတော်ကြီး၏ မုခ်(၄)မုခ်မှ ကကုသန်၊ကောဏဂုံ၊ကဿပ၊ဂေါတမဘုရား(၄)ဆူအား ရွှေသင်္ကန်း ကပ်လှူခြင်း။
၃။ ၂၀၁၄-၂၀၁၅ခုနှစ်တွင် စွယ်တော်တိုက်ဘုရား ထုပိကာကြီး မိုးကြိုးခသဖြင့် ပြန်လည်ပြုပြင်ခြင်း၊
၄။ ၂၀၁၅-၂၀၁၆ခုနှစ်တွင် စွယ်တော်တိုက်ဘုရားကြီးအနီးရှိ သင်းကနက်ဘုရားကြီး အောက်ခြေနှင့် ကိုယ်ထည်ကွဲအက်ပျက်စီးခြင်းကြောင့် ရှေးမူမပျက်ပြန်လည်ပြုပြင်ခြင်း။
၅။ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မန္တလေး တောင်တက်/တောင်ဆင်းလမ်း တစ်လျှောက် လမ်းဘေးဝဲ/ယာ ကျောက်ရိုးများ၊ ရေတားများ၊ ရေစီမြောင်းများ အသစ်တည်ဆောက်ခြင်း၊
၆။ ၂၀၁၆-၂၀၁၇ခုနှစ်တွင် မန္တလေးတောင်တော် စျေးသူ/သားများအား စျေးဆိုင်ခန်းများ စနစ်တကျ ရှိစေရေးအတွက် ဆိုင်ခန်းသစ်များဆောက်ပြီး နေရာသတ်မှတ်ပေးခြင်း၊
၇။ ဗျာဒိတ်ပေးဘုရားကြီး အာရုံခံကျောင်းတော်ကြီးအား ရှေးမူမပျက် ကျောက်ကွက်ဖော်ြခင်း၊ ရွှေဆေးသုတ်ခြင်း၊ မိုးမလုံသည်များပြုလုပ်ခြင်း၊
၈။ ကျောက်ဖြင့်တည်ထားသော ငုံးမင်းစေတီတော်ကြီးအား ရှေးမူမပျက် ကျောက်ကွက်ဖော်ခြင်း၊ ဆေးသုတ်ခြင်း၊ ဘုရားအနေကဇာတင်ခြင်း၊
၉။ ဗြန့်ကြီးအနီးရှိ (၄)ကန်တွဲ ရေကန်ကြီးအား ပြုပြင်းခြင်း၊
၁၀။ ၂၀၁၆-ခုနှစ်တွင် ဓါတ်လှေကားအသစ်တစ်လုံး ပြောင်းလဲတပ်ဆင်ခြင်း၊
၁၁။ ဓါတ်လှေကားရှေ့ အမြင့်(၁၆)ပေ၊အကျယ်အလျား(၁၆၂)ပေ၊ အနံ(၃၀)ပေရှိ ယာဥ်/ကား ရပ်နားစခန်း ဆောက်လုပ်ခြင်း၊
၁၂။ အေဝမ်းဘုရားအနီး အမြင့်(၁၄)ပေ၊အကျယ်အလျား(၁၆၉)ပေ၊အနံ(၂၆)ပေရှိ ယာဥ်/ကားရပ်နားစခန်း ဆောက်လုပ်ခြင်း၊
၁၃။ ခိုင်ရွှေဝါဘုရားအနီး အမြင့်(၁၈)ပေ၊ အကျယ်အလျား(၂၇)ပေ၊အနံ(၁၁)ပေ၊အရှည်(၁၄၄)ပေရှိ မိုးလုံ၊ လေလုံ ဆိုင်ကယ်ရပ်နားစခန်း ဆောက်လုပ်ခြင်း၊
၁၄။ ၂၀၁၇-ခုနှစ်တွင် မယ်တော်ကြီးစန္ဒမုခိဘုရား အာရုံခံကျောင်းတော်ကြီး အမိုးမျက်နှာကျက်များ မိုးမလုံသဖြင့် အမိုးစလစ်များ ပြန်လည်ပြုပြင်ခြင်း၊
၁၅။ ၂၀၁၈-ခုနှစ်တွင် သမ္ဗုဒ္ဓေဘုရားအနီးရှိ တောင်တော်ရေကန်ကြီးများ ပြုပြင်ခြင်း၊ သန့်စင်ခန်းများ ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ တောင်ဆင်းလမ်း လုံခြုံရေးအိမ်ယာဆောက်လုပ်ခြင်း၊ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ တောင်တက်/တောင်ဆင်း ကားလမ်းအား အဆင့်မြင့် AC.နိုင်လွန်ကတ္တရာ ထပ်မိုးလွှာခင်းခြင်း၊ ဂြိုလ်ပြေနံပြေဘုရား ပြုပြင်ခြင်း၊
၁၆။ ၂၀၁၉-၂၀၂၀တွင် မန္တလေးတောင်တော်ဆုတောင်းပြည့်စေတီတော်ကြီး ကျောင်းဆောင်နှင့် မယ်တော်ကြီးစန္ဒမုခိဘုရားကြီး ကျောင်းဆောင်တော်များအား ရှေးမူမပျက် မှန်စီဆေးသွင်းခြင်း၊
၁၇။ ၂၀၂၂-ခုနှစ်တွင်ရသေ့ကြီးဦးခန္တီ၏ ဗြန့်ကြီးကျောက်မဏ္ဍပ်ကြီးအမိုးစလစ်များ ပြိုကျပျက်စီးနေ သဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရန်အတွက် ဆောင်ရွက်ခြင်း၊
၁၈။ ၂၀၂၃-ခုနှစ်တွင် မန္တလေးတောင်တော်ကြီး၏ ဘုရားများ၊စေတီတော်များ၊ စောင်းတန်းများအား လျှပ်စစ်မီးများ တိုးချဲ့ပြီး မီးလင်းရေးဆောင်ရွက်ခြင်း၊
– ၂၀၂၃-ခုနှစ်တွင် ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူးခြင်း၊ ငှက်မျက် နားတော် ပြုပြင်ခြင်း၊
၁၉။ ၂၀၂၄-ခုနှစ်တွင် မန္တလေးတောင်တော်ဂေါပကအဖွဲ့သည် မန္တလေးတောင်တော်ကြီးအား သာသနိက အဆောက်အဦးများ၊ ရေရှည်တည်တံခိုင်မာရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပရေး၊ တောင်တော်ရေပေးဝေရေး စသည့် လုပ်ငန်းများ သြဝါဒါစရိယဆရာတော်ကြီးများထံ သြဝါဒခံယူပြီး တောင်တော်ရှေ့လုပ်ငန်းစဥ်များကို ဂေါပကအဖွဲ့ညီညွတ်စွာ ဆောင်ရွက်လျက်ရှိပါသည်။
ဤကဲ့သို့ သာသနာပြု ရှေးမြန်မာမင်းများ လက်ထက်မှ ယနေ့ဂေါပကအဖွဲ့လက်ထက်အထိ မန္တလေးတောင် သာသနာထွန်းကားပြန့်ပွားမှုမှာ တဆင့်ပြီးတဆင့် တိုးတက်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် မန္တလေးတောင်သည် ကမ္ဘာ့အလယ် ဝင့်ထည်ပြီး မြန်မာနိုင်ငံ၏ အထင်ကရ နေရာတစ်ခု အဖြစ် တည်ရှိနေပါသည်။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved