ဖူးမြော်လေ့လာရန်နေရာများ
မဟာလောကမာရဇိန် ကုသိုလ်တော်စေတီတော်အား လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးများ သည် တောင်ဘက်မုခ်နှင့် အနောက်ဘက်မုခ်တို့မှ ဝင်ရောက်ဖူးမြော်မှု များပြားကြပေသည်။ မဟာရံတံတိုင်းတော်ကြီး၏ တောင်ဘက်မျက်နှာစာ လက်ဝဲဘက်တွင် မင်္ဂလာကန်တော်အတွင်းမှာ ရှေးအခါက မင်္ဂလာတော်အတွင်းမှ လှေတော်များနှင့် ရေကင်းလှည့်လည်ကာ ပူဇော်မှုများရှိခဲ့သည်ဟု မှတ်သားရ ပါသည်။ စေတီတော်ကြီးအတွင်းသို့ ထောင်ဘက်မုခ်မှ ဝင်ရောက်လာပါက လွန်စွာခန့်ညားထည်ဝါ လှသော ရတနာပုံမုခ်ဦးတော်ကြီးအား တွေ့ရှိကြရပါမည်။ ထိုမုခ်ဦးတော်ကြီး၏ရှေ့တွင် ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ ကြေးသွန်းပုံတော်ကြီးကို တွေ့မြင်ကြရပါမည်။ မင်းတရားကြီး၏ပုံတော်နောက်တွင် မဟာလောကမာရဇိန် ကုသိုလ်တော်စေတီတော် ဘဏ္ဍာထိန်း ဂေါပကရုံး တည်ရှိပါသည်။
မုခ်ဦးတော်ကြီးဝင်ပေါက်၏ ဝဲယာတို့တွင် ခရစ်နှစ် (၂၀၁၄)ခုနှစ် မေလ (၈)ရက်နေ့တွင် စိုက်ထူခဲ့ သော ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ချုပ်ကြီးမှ ချီးမြှင့်အပ်နှင်းခဲ့သည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အထိမ်းအမှတ်ဖြစ်သော (MOG-Logo (MEMORY OF THE UNESO) ကျောက်စာနှစ်ချပ်ကို ဂုဏ်ယူစွာ တွေ့မြင်နိုင်ကြပါသည်။
တောင်ဘက်မုခ်ဦးအဝင် ပထမမဟာရံတံတိုင်းတွင် လွန်စွာကြီးမားခန့်ညားလှသော နတ်သား နှစ်ပါးလက်အုပ်ချီနေသည့်ပုံပါ ကျွန်းတံခါးကြီးကို အံ့ဩခမန်း တွေ့မြင်ကြရပါသည်။ ရှေးအခါကလို တံခါးကြီးများသည် အရှေ့၊ အနောက်၊ တောင်၊ မြောက် ပထမမဟာရံတံတိုင်း လေးမျက်နှာ၏ ရှိခဲ့ကြောင်းနှင့် နယ်ချဲ့မိစ္ဆာတို့၏ ဖျက်စီးမှုကြောင့် ဆုံးပါးခဲ့ရကြောင်း နှမြောတသဘွယ်ရာ သိရှိရပါ သည်။ တံတိုင်းအတွင်းသို့ ဝင်ရောက်လာပါက ပါဠိတော်ကျောက်စာဂူတော်များ အုတ်ပြသာဒ်တော် ရွှေထီးမိုးလျှက် အစီအရီဖူးမြော်တွေ့ ရှိရပါမည်။
ဤသို့ဖြင့် ဒုတိယမဟာရံတံတိုင်း၊ တတိယမဟာရံတံတိုင်းများ ဝင်ရောက်ပြီးပါကတောင် ဘက်မုခ်အာရုံခံ ဓမ္မဗိမာန်သို့ ရောက်ရှိကာဖူး မြော်ကြည်ညိုကြရပါသည်။ ထို့နောက်ဘုရားဖူးများသည် စေတီတော်ကြီးအား ကြည်ညို၍ လက်ယာရစ်လှည့်ပတ်ကာ ဖူးမြော်ကြည်ညိုကြရာတွင် (၁၂၅၄)ခုနှစ် တွင် မိုးဗြဲစစ်ကဲမင်းကြီး မဟာမင်းထင်မင်းခေါင်ဦးသာဖူး စိုက်ပျိုးလှူဒါန်းခဲ့သည့် နှစ်ပေါင်းရာကျော် ခရေပင်ကြီးများ၏ အရိပ်ကိုခိုလှုံကာ ဖူးမြော်ကြည်ညိုလေ့ရှိပါသည်။
မဟာလောကမာရဇိန် စေတီတော်အား လှည့်လည်ဖူးမြော်ပြီးနောက် ဆက်လက်ဖူးမြော်ကြည် ညိုကြရန်မှာ ဗုဒ္ဓမြတ်စွာဘုရားသခင် (၄၅)ဝါအတွင်း သတ္တဝါဝေနေယျတို့၏အကျိုးငှာ ဟောကြားတော် မူခဲ့သည် ပိဋကတော်ပါဠိ ကျောက်စာတော်များအား ဖူးမြော်ကြရပါမည်။
ရတနာပုံမန္တလေး မြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီးသည် ကောဇာသက္ကရာဇ် (၁၂၂၁)ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့မှ စတင်၍ ဘုရားဟော ပိဋက သုံးပုံ ပါဠိတော်များအား (သေလက္ခရာ) ကျောက်ထက်အက္ခရာ တင်ရန်အတွက် စကျင်တောင်မှပေါ် ထွန်းလာ သော ကျောက်ဖြူကျောက်သားများထက်ပေါ်တွင် ရဟန်းပညာရှိ၊ လူပုဂ္ဂိုလ်များ တည်းဖြတ်သန့်စင်တော်မူပြီးသော ပိဋကပါဠိတော်ဒေသနာများအား ကျောက်ဖျာထက်တွင် ရေးထိုးတော်မူစေပါသည်။
ထိုသို့ရေးထိုးစဉ် ကြီးကြပ်တော်မူသည့် ပရိယတ္တိအကျော် သံဃာတော် အရှင်သူမြတ်များနှင့်လူ ပုဂ္ဂိုလ်ပညာရှင်များမှ ကြီးကြပ်စီစဉ်တော်မူကာ
၁။ ဝိနည်းငါးကျမ်းပါဠိတော်—ကျောက်ချပ်ရေ ၁၁၁-ချပ်
၂။ အဘိဓမ္မာခုနှစ်ကျမ်းပါဠိတော်– ကျောက်ချပ်ရေ-၂၀၈-ချပ်
၃။ သုတ္တန်ကျမ်းရေသုံးကျမ်းပါဠိတော်–ကျောက်ချပ်ရေ ၄၁ဝ-ချပ်စသဖြင့် ကျောက်စာ ချပ်တော်ရေ(၇၂၉)ချပ်တို့ ထွင်းထုပူဇော်ထားပါသည်။
ဤကဲ့သို့ ပါဠိတော်ကျောက်ချပ်ရေ(၇၂၉)ချပ် စိုက်ထူပူဇော်ထားရာတွင် ပထမမဟာရံ တံတိုင်း အတွင်း၌ ကျောက်စာချပ်ရေ(၄၂)ချပ်၊ ဒုတိယမဟာရံတံတိုင်းအတွင်း၌ ကျောက်စာချပ်ရေ (၁၆၈)ချပ်၊ တတိယမဟာရံတံတိုင်းအတွင်း၌ ကျောက်စာချပ်ရေ(၅၁၉)ချပ် ထားရှိ၍ ကျောက်စာ တစ်ချပ်လျှင် သီဟိုဠ်စွယ်တော်ကြုတ်ပုံစံတူ အုတ်ပြဿဒ်တစ်ခုစီအတွင်း၌ မြေဝင်တစ်တောင်(၁၈) လက္မထား၍ အခိုင်အမာစိုက်ထူခဲ့ပါသည်။ ဤကဲ့သို့ကျောက်စာတော်ဂူများ စိုက်ထူလှူဒါန်းတော်မူ ခြင်းအား မြန်မာဘုရင်များ လက်ထက်တော်အခါက ရုပ်စုံတော်များဖြင့် သီဆိုကပြ အသုံးတော်ခံခဲ့သည် ရုပ်စုံဆရာဉာဏ် မှ အောက်ပါအတိုင်း တေးထပ်တစ်ပုဒ်စပ်ဆိုကာ ပူဇော်ခဲ့ပါသည်။
“မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတေးထပ်”
“ မြို့၊ ကျုံး၊သိမ်တော်၊ သုဓမ္မာကျောင်းလို့–ပြုပါကောင်းသမို့—
သိုက်ဓာတ်အလာ…” စုကာပေါင်းလို့ သမိုက်အပ်ရာ—မှာ—တိုက်ပိဋကပါစေတီမခြား—၊ မဟာရာမ်လုံးထပ် လှည်ပတ်ရံသည်—ဤသတ္တဌာနံ ဘုရင်ကိုးကွယ်သည့်ဘုရား အုတ်ကျစ်ကျော်အေး– ကဆုန်အမည်ပေါ် -ပုဏ္ဏမီအကျော်ခုနှစ်ရက်ပွား..၊ စုံညီမြော်ကာ ညွှန်ချက်ထား၍—ကျားမင်းဗျဂ္ဃအာ ရုံတော်—။ သုတ်လေးရာတစ်ဆယ် အဘိဓမ္မာနှစ်ရာရှစ်— သိစရာပြလှစ်ဝိနည်းတစ်သုံးပေါ် ..။
စေတီဓာတုဘွဲ့မည်ခေါ်တလီ- သမိုင်းလျော်ညီစွာ သုံးဂူအလွတ်ပ နှလုံးဖြူညွတ်၍ အတွင်းလေးဆယ့်နှစ်ဂူ—မဇ္ဈေတစ်ရာ့ခြောက်ဆယ့်နှစ်ဂူ—။
ငါးရာ့တစ်ဆယ့်ကိုး အပြင်ထပ်ဂူမှာ — အစဉ်မှတ်ယူပါ ခုနှစ်ရာနှစ်ဆယ့်ကိုး—။ ဟူ၍ရေးသား စပ်ဆိုမော်ကွန်းတင်ခဲ့ပါသည်။ ဖော်ပြပါ ကျောက်စာတော်(၇၂၉)ချပ်အပြင် ပိဋကတ်သုံးပုံ ကျောက်ထက် အက္ခရာတင်တော်မူခြင်း သံပိုင်းကျောက်စာတစ်ချပ်အား ပထမမဟာရာမ်တံတိုင်းအတွင်း စိုက်ထူပူဇော် ထားသဖြင့် ကျောက်စာချပ်ရေပေါင်း (၇၃ဝ)ချပ်ရှိခဲ့ပါသည်။ ၎င်းအပြင် ကောဇာသက္ကရာဇ်(၁၂၈၃) ခုနှစ် တွင် ကြေးမျှင်မိဖုရားကြီး၏ တိုက်တွန်းမှုကြောင့် ဝက်မစွက်ဝန်ထောက်မင်း ရေးထိုးခဲ့သော ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် တစ်သက်တာအတွင်း လှူဒါန်းတော်မူခဲ့သည့် (၂၂)ကုဋေ (၆)သန်းဘိုးရှိ သံဝစ္စရအလှူတော်စာရင်း ကျောက်စာသုံးချပ်ကိုလည်း ပထမ မဟာရာဇ် တံတိုင်းအတွင်း တွေ့ရှိဖူးမြော်နိုင်ကြသဖြင့် ကျောက်စာချပ်ရေပေါင်း (၇၃၃)ချပ် ဖူးမြော် ကြည်ညိုကြရ ပါပေမည်။
ဤသို့ဖြင့် မဟာရံတံတိုင်းသုံးထပ်အတွင်းရှိ မဟာလောကမာရဇိန် ကုသိုလ်တော်စေတီနှင့် ကျောက်စာတော်များကို ဖူးမြော်ပြီးပါက မဟာရံတံတိုင်း အပြင်ဘက်တွင် ဝန်းရံလျက်ရှိသော သာ သနိကအဆောက်အအုံများကို ဆက်လက်ဖူးမြော်သင့်ပေသည်။ မဟာလောကမာရဇိန် ကုသိုလ်တော် စေတီပရိဝုဏ်၏ အရှေ့ဘက်တွင် ကုသိုလ်တော်ပရိယတ္တိစာသင်တိုက်နှင့် မန္တလေးမြို့ပရိယတ္တိသာသန တက္ကသိုလ်ကျောင်းတော်ကြီးကို၎င်း၊ တောင်ဘက်တွင် မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတိုက် တော်၊ မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် ကျေးဇူးတော်ရှင်မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး ရွှေဟင်္သာစံကျောင်းတော်တို့ရှိပါသည်။ အနောက်ဘက်တွင်သတ္တ ဌာနခုနှစ်ဌာနအဝင် သုဓမ္မာဇရပ်တော်၊ ဓမ္မမဉ္ဇူပဋ္ဌာန်းဟော ရွှေသိမ်တော် သုဓမ္မာရွှေကျောင်းတော် ကြီးနှင့် သုဓမ္မာဇရပ်တန်း၊ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားနှင့် စန္ဒာမုနိစေတီတော် တို့တည်ရှိကြပါသည်။ မြောက်ဘက်တွင် မြို့တည်နန်းတည် သတ္တဌာနအပါအဝင် ပိဋကတ်တိုက်တော် နှင့် မဏ္ဍလာ ဂီရိဘွဲ့တော် ခံမန္တလေးတောင်တော်မြတ်စသည့် သာသနိက အဆောက်အအုံ၊ သာသနိက နယ်မြေများနှင့် ဝန်းရံနေသဖြင့် ဖူးမြော်ကြည်ညိုရန် ဌာနများဖြစ်ကြောင်း တင်ပြရပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved