ကုသိုလ်တော်ဘုရားသမိုင်း
ကုသိုလ်တော် ဘုရားသမိုင်း
မန္တလေးရတနာပုံ နေပြည်တော်ကြီး၏ သမိုင်းတွင် ရွှေမြို့တော်ကြီး တည်ထောင်မူရာ၌ ရတနာပုံ ရွှေမြို့တော်ကြီးနှင့်အတူ ဖွားဘက်တော်ခုနှစ်ရပ်(ဝါ) သတ္တဌာန တို့တွင် “မဟာလောကမာရဇိန်”ဘွဲ့တော်ခံ စေတီတော်မြတ်ကြီးသည် တစ်ဌာနအနေဖြင့် ပါဝင်ခဲ့ပေသည်။ ရွှေမြို့တော်တည်ဘဝရှင် မင်းတရားကြီးသည် သတ္တဌာနခုနှစ်ဌာနတွင် ကိုယ်တော်တိုင်ကြီးကြပ်ကာ စီမံဆောင်ရွက်၍ တည်ထောင်တော်မူခဲ့ခြင်းဖြစ်ပေသည်။ ရတနာပုံမန္တလေး ရွှေမြို့တော် သတ္တဌာနခုနှစ်ဌာနစလုံးအား ကောဇာသက္ကရာဇ် (၁၂၂၁) ခုနှစ် ကဆုန်လပြည့်ကျော် (၆)ရက်၊ ခရစ်နှစ် (၂၂၊ မေ၊၁၈၉၅)ခုနှစ်တွင် သတ္တဌာနခုနှစ်ဌာနတို့အား မော်ကွန်းမှတ်တမ်းထိုး၍ တည်ဆောက်ခဲ့သည်မှာ . . .
“သာသနာတော်နှစ်” (၂၄ဝ၃)ခုနှစ်၊ ကောဇာသက္ကရာဇ်(၁၂၂၁)ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆)ရက်နေ့ ညဉ့်သုံးချက်တီးကျော်၊ (၇)ရက်တနင်္လာနေ့သို့ အဝင်(၄)နာရီ၊ (၂)ပါဒ်၊ (၂)ဗီဇနာ၊ (၅)ပြန်၊ (၅)ခရာ ပြည့်မိဿလဂ်၊ မကာရခန်း၊ (၅)တေးကြင်း၊ (၆)ကြာနဝင်း၊ နက္ခတ်(၁)လုံး၊ (၂)ပါဒ်၊ (၇)ဃဋီ ထက်လက် စီးလျက် ထိုနာရီ၏တည်နက္ခတ်သော်ကား (သရဝဏ်)နက္ခတ်၊ စတုပ္ပါဒ်မွန်းတည့်ချိန်သို့ ရောက်လျင် ရတနာသုံးပါး၊ သိကြားဗြဟ္မာ၊ စတုလောကပါလ၊ သာသနာတော်စောင့်နတ်၊ သမ္မာဒေဝနတ်တို့အား တင်ကြားပသပူဇော်ပြီးလျှင် ဗြဟဓာပွင့်ရာ အရှေ့အရပ်သို့ မျက်နှာရည်လျက် ကြာသပ တေးသား၊ သောကြာသားတို့က အရှေ့အရပ်မှ၊ ဤလင်္ကျာရစ်လှည့်ပြီးလျှင် တပြိုင်နက် ပန္နက်တော် တင်ခဲ့ကြပါသည်။
ကောဇာသက္ကရာဇ်(၁၂၂၁)ခုနှစ် နယုန်လဆန်း(၁၄)ရက်၊ (၁၄၊ ဂျွန်၊ ၁၈၅၉)နေ့တွင် လင်္ကာ ဒီပသီဟိုဠ်ကျွန်းမှ ဗုဒ္ဓမြတ်စွယ်တော်ပွား ရောက်ရှိတော်မူလာပါသည် ၎င်းနှစ်(၁၂၂၁) ခုနှစ်တပေါင်းလ ပြည့်ကျော်(၁)ရက် (၇၊ မတ်၊ ၁၈၆ဝ)နေ့တွင် သီဟိုဠ်စွယ်တော်ပွားအား မဟာလောကမာရဇိန် ကုသိုလ်တော်မြတ်စွာဘုရား စေတီတော်တွင် ဌာပနာတော်မူခဲ့ပါသည်။ ထိုနေ့တွင် ရွှေမြို့တော်တောင်အရပ်ကျော် မိုးတံခါးနှင့် တည့်တည့်မဟာနွယ်စဉ်အရပ်တွင် မဟာဗောဓိညောင်ပင် စိုက်ပျိုးတော်မူခဲ့သည်။ ၎င်းရပ်ကွက် သည် ဗောဓိကုန်းရပ်ကွက်ဟု ယနေ့တိုင်ထင်ရှားသည်။
သတ္တဌာနခုနှစ်ဌာနအပါအဝင် မဟာလောကမာရဇိန်စေတီတော်ကြီး ပြီးစီးအောင်မြင်တော်မူသဖြင့် ကောဇာသက္ကရာဇ်(၁၂၂၄)ခုနှစ် ဝါဆိုလပြည့်ကျော်(၉)ရက် (၁၉၊ ဂျူလိုင်၊ ၁၈၆၂)နေ့တွင် ရွှေထီး တော် အထွဋ်တင်လှူပူဇော်ခဲ့ကြရာ ဘုရားဒါယကာဘဝရှင် မင်းတရားကြီးနှင့်တကွ စကြာဒေဝီ မိဖုရား ခေါင်ကြီး၊ မင်းမှူးမတ်၊ သေနာပတိ၊ အရာထမ်း၊ အမှုထမ်းတို့မှ တက်ရောက်ကြည်ညိုကြကာ ကြီးကျယ် လှစွာသော အကပွဲ၊ သဘင်ပွဲများဖြင့် ကျင်းပခဲ့ကြပါသည်။




ရတနာပုံမြို့တည်နန်းတည် ဘဝရှင်မင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သော “မဟာလောကမာရဇိန်” စေတီတော်မြတ်သည် အတိုင်းဘိနပ်တော် အချင်းပမာဏ သံတောင်(၆၅)တောင်၊ ဥာဏ်တော်အမြင့် ပမာဏသံတောင်(၅ဝ)၊ (၁)မိုက်၊ (၄)သစ်ရှိပေသည်။ စေတီတော်ကြီး၏ မဟာရာမ်တံတိုင်း တော်သုံးထပ် အတွင်း၌ ဗုဒ္ဓမြတ်စွာဘုရားရှင်(၄၅)ဝါအတွင်း ဟောကြားတော်မူခဲ့သော သုတ္တန်အား ဖြင့်သုံးကျမ်း၊ ဝိနည်း(၅)ကျမ်း၊ အဘိဓမ္မာခုနှစ်ကျမ်း၊ ပိဋကတ်သုံးပုံ၊ ပါဠိတော်များအား “စကျင်“ဒေသမှ ထွက်ရှိသော မဏိကျောက်မျက်ရတနာတန်းဝင် ကျောက်ဖြူကျောက်သားတော်တို့တွင် ထုဆစ်ရေးထိုး မှတ်တမ်းတင် ထားသော “သေလက္ခရာကျောက်စာတော်” (၇၂၉)ချပ်တို့အား ကျောက်စာတစ်ချပ်လျှင် ကျောက်စာဂူ ပြဿဒ်တစ်ထောင်စီဖြင့် အစီအရီပူဇော်စိုက်ထူထားပါသည်။
ဖော်ပြပါ သေလက္ခရာ ကျောက်ထက်အက္ခရာတင်ခြင်းကို ကောဇာသက္ကရာဇ်(၁၂၂၁)ခုနှစ် တန်ဆောင်မုန်း လဆန်း(၁)ရက် (၂၆၊ အောက်တိုဘာ၊ ၁၈၅၉)နေ့တွင် စတင်တော်မူကာ ကောဇာ သတ္တရ (၁၂၃၀)ပြည့် ကဆုန်လဆန်း(၁၄)ရက် (၄၊ မေ၊ ၁၈၆၈)နေ့တွင် ကျောက်ချပ်ရေ(၇၂၉) ရုပ်ထက်သို့တွင် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော ပါဠိတော်ဒေသနာများကို ကျောက်ထက်အက္ခရာ လင်ခြင်းကိစ္စ ပြီးစီး အောင်မြင်တော် မူခဲ့ပါသည်။
အထက်ဖော်ပြပါ ကျောက်စာတော်များသည် ဘာသာရေးအရ၎င်း၊ ယဉ်ကျေးမှုအရ၎င်း သမိုင်း တန်ထိုးမြင့်မားလှပါပေသည်။ ထိုကဲ့သို့ တန်ဘိုးရှိလှသော ကျောက်စာတို့အား ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြိုးပမ်း ဆောင်ရွက်မှုအရ ခရစ်နှစ် (၂ဝ၁၃) ခုနှစ်တွင် ကမ္ဘာ့ ကုလသမ္မဂ္ဂယူနက်စကို အဖွဲ့ချုပ်ကြီးမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အထိမ်းအမှတ်ကျောက်စာ (MOW-Logo) (MEMORY OF THE WORLDUNESCO) ကုသိုလ်တော်ဘုရား၏ တောင်ဘက်မုခ် မျက်နှာစာတွင် ကျောက်ထက်အက္ခရာတင်၍ ခရစ်နှစ် (၂ဝ၁၄)ခုနှစ်၊ မေလ(၈)ရက်နေ့တွင် စိုက်ထူခဲ့ပါသည်။
မန္တလေးမြို့တည်နန်းတည် သတ္တဌာန ခုနှစ်ဌာနအပါအဝင်ဖြစ်သော မြို့ဦးစေတီတော်ကြီးအား မဟာလောကမာရဇိန်စေတီတော်ဟု ဘွဲ့တော်သမုတ်တော်မူသော်လည်း ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော် ဖြစ်ခြင်းကြောင့် မူလဘွဲ့တော်ထက် (ကုသိုလ်တော်စေတီ) ဟူ၍သာအသိများကြပေသည်။ စေတီတော်ကြီးအား ကျုံးမြို့ရိုး အရှေ့မြောက်ထောင့် မြို့ဦးနေရာတော်တွင် (၁၃)ဧက ကျယ်ဝန်းသော မြေအပြင်၌ မဟာရာမ်တံတိုင်း သုံးထပ်ကာရံကာ ပိဋကတော်ကျောက် လာတော်များ ခြံရံလွှတ်တင့်တယ် သပ္ပာယ်စွာ တည်ရှိနေပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved