မန္တလေးမြို့သမိုင်း
မန္တလေးမြို့တော်သမိုင်း
“ရတနာပုံနေပြည်တော်”ဘွဲ့ခံ မန္တလေးမြို့တော်ကြီးကို ကုန်းဘောင်မင်း(၁ဝ)ဆက်မြောက် “သီရိပဝရဝိဇယာနန္တယသပဏ္ဍိတမဟာဓမ္မရာဇာဓိရာဇာ“ ဘွဲ့တော် ခံယူတော်မူသည့် ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီး ကံကောဇာသက္ကရာဇ် (၁၂၂၁)ခုနှစ်တွင် တည်ထောင်တော်မူကာ နန်းမြို့တော်အား “လေးကျွန်းအောင်မြေ” ရွှေနန်းတော်အား “မြနန်းစံကျော်” ဟုသမုတ်တော်မူကာသုတိ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် မြို့ဖြစ်ပေသည်။ ထေရဝါဒဗုဒ္ဓသာသနာထွန်းကားသော မြို့ဖြစ်သည်နှင့်အညီ ယခုအခါတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ “ယဉ်ကျေးမှုမြို့တော်“ အဖြစ်ထင်ရှားပါသည်။
မင်းတုန်း မင်းသားနှင့် ကနောင်မင်းသားတို့သည် ကောဇာသက္ကရာဇ် ၁၂၁၄“ခုနှစ်တွင် အမရပူ ရရွှေထီးရွှေနန်း တို့ကို အောင်တော်မူ၍ ကုန်းဘောင်မင်းဆက် (၁ဝ)ဆက်မြောက် အမရပူရ ပဉ္စမနန်းစံ မင်းတရားအဖြစ် အုပ်စိုးတော်မူပြီးလျှင် ညီတော်ကနောင် မင်းသားအား အိမ်ရှေ့ဥပရာဇာ အဖြစ်အပ် နှင်းတော်မူခဲ့သည်။ အမရပူရ ထီးနန်းစိုးစံတော်မူစဉ် သက္ကရာဇ် (၁၂၁၈)ခုနှစ်တွင် ထီးသစ်၊နန်းသစ်၊ တည်ထောင်တော်မူလိုသဖြင့် ရဟန်းပညာရှိ၊ လူပညာရှိများနှင့် ညှိနှိုင်းတိုင်ပင်တော်မူကား
(က) ဘုရားရှင်ဗျာဒိတ်တော်စကား
(ခ) သိုက်ထွက်စကား
(ဂ) ဓာတ်ထွက်စကား
(ဃ) တစ်တောင်စကားများအရ ကောဇာသက္ကရာဇ် (၁၂၁၈) ခုနှစ် ပြာသိုလပြည့်ကျော် (၄)ရက် (၁၃၊ ဇန်နဝါရီ၊ ၁၈၅၇)နေ့တွင် “မဏ္ဍလဂီရိ” “လင်္ကျာတောင်ခြေတွင် “ရတနာပုံရွှေမြို့ တော်တည်စေ”ဟု အမိန့်တော်ထုတ်ဆင့်ခဲ့ပါသည်။
ဤသို့ဖြင့် ကောဇာသက္ကရာဇ် (၁၂၁၈)ခု နှစ်မှစတင်၍ တာဝန်တော် ထမ်းရွက်ကြမည့် မှူးကြီးမတ်ရာ၊ သေနာပတိ၊ အမှုထမ်း၊ အရာထမ်း၊ လက်သမား၊ ပန်းရံ၊ ပန်းတော့၊ ပန်းပုစသောအတတ် ပညာရှင်၊ အသိပညာရှင်တို့သည် ရွှေမြို့တော်သစ်တည်ဆောက်ရန် အကြိုပရိကမ္မလုပ်ငန်းများ ဖြစ်ကြသော မြို့တော်သစ်နေရာအား မြေညှိခြင်း၊ အုတ်မြစ်ချရန် မြေကျင်းများတူးခြင်း၊ မြို့တော်လေးထောင့်ဆီအိုး ကြီးများမြုတ်နှံခြင်း၊ တိုင်ထူခြင်းစသော လုပ်ငန်းများအား ဆောင်ရွက်စေတော်မူပါသည်။ အကြိုပရိကမ္မလုပ်ငန်းများ ပြီးစီးအောင်မြင်တော်မူပြီးနောက် ကောဇာသက္ကရာဇ် (၁၂၂၁ )ခုနှစ် ကဆုန်လပြည့်ကျော် (၆)ရက် (၂၂၊ မေ၊ ၁၈၅၉) ညဉ့်သုံးချက်တီးကျော် (၇)ရက် တနင်္လာနေ့အဝင် (၄)နာရီ (၂)ပါဒ်အချိန်တွင် သတ္တဌာနခုနှစ်ဌာနနှင့်တကွ ရတနာပုံနေပြည်တော်ကြီးအား တည်ထောင် ဖန်ဆင်းတော်မူခဲ့ပါသည်။
ဘဝရှင်မင်းတုန်းမင်းတရားကြီးသည် ရတနာပုံနေပြည်တော်ကြီးအား ရွှေကြိုးသတ် နယ်နိမိတ်များ သတ်မှတ်တော်မူပြီးနောက်
“မြို့၊ ကျုံး၊ သိမ်တော်၊ သုဓမ္မကျောင်းသို့ …
ပြုပါကောင်းသမို့ သိုက်ဓာတ်အလာ…စုကာပေါင်းလို့သမိုက်အပ်တာမှာ
တိုက်ပိဋကပါစေတီမခြား. . . မဟာရာမ်သုံးထပ်လှည့်ပတ်ရံသည်. . .
ဤသတ္တဌာနံ ဘုရင်ကိုးကွယ်သည့်ဘုရား. . . .” ဟူ၍ မြန်မာမင်း များလက်ထက် ရုပ်စုံသဘင် ပညာရှင် “ဆရာဉာဏ်” မှဘွဲ့ဆိုသကဲ့သို့. “ရှင်ဘိုးတော်ရင်း၊ မင်းထက်မင်းလျှင်၊ နန်းခင်းမြေကြန်၊ ချန့်ဝေဖန်လျှက်၊ ရွှေဉာဏ်စိုက်ကြုံး၊ အစဉ်ထုံးဖြင့်၊ မြို့ကျုံး၊ စေတီ၊ သိင်္ဂ လျံမောင်းသိမ်, ကျောင်း, သုဓမ္မာ၊ ရွှေစာအမြတ်၊ ပိဋကတ်တိုက် သမိုက်မြဲမှန်၊ ခုနှစ်တန်ကို၊ ဆော်ဘန်အောင်စည်၊ တပြိုင်တည်က.. “ဟူ၍ “မြပုခတ်တင်မင်္ဂလာဧချင်း”တွင် လယ်ကိုင်းမြို့စား၊ မဟာသက်တော်ရှည် ကင်းဝန်မင်းကြီး ဦးကောင်းမှ ဖွဲ့ဆိုသကဲ့သို့ ရတနာပုံမန္တလေးနေပြည်တော်ကြီးအား
(၁) ရတနာပုံရွှေမြို့တော်
(၂) ရေကျုံးတော်
(၃) မဟာလောကမာရဇိန်ကုသိုလ်တော်စေတီတော်
(၄) မဟာအတုဝေယန်အတုမရှိကျောင်းတော်
(၅) သုဓမ္မာဇရပ်တော်
(၆) ဓမ္မပစ္စုပဌာန်းဟောသိမ်တော်
(၇) ပိဋကတ်တိုက်တော် စသောသတ္တဌာန ခုနှစ်ဌာနတို့အား သာသနာတော်နှစ်(၂၄ဝ၃) ခုနှစ်၊ ကောဇာသက္ကရာဇ်(၁၂၂၁) ခုနှစ် ကဆုန်လပြည့်ကျော် (၆)ရက်နေ့ညဉ့်သုံးချက်တီး ကျော်(၇)ရက်၊ တနင်္လာနေ့သို့အဝင် (၄)နာရီ၊ (၂)ပါဒ်၊ (၂)ဗီဇနာ၊ (၅)ပြန်၊ (၅)ခရာပြည့်၊ မိဿလဂ်၊ မဟာရစန်း၊ (၅)တေးကြင်း၊ (၆)ကြာနဝင်း၊ နက္ခတ်(၁)လုံး၊ (၂)ပါဒ်၊ (၇)ဃဋီထက်လဂ်စီးလျှက်၊ ထိုနာရီ ၏တည်နက္ခတ်သော် ကားသရဝဏ်”နက္ခတ်၊ စတုတ္ထပါဒ်မွန်းတည့်ချိန်သို့ရောက်လျှင် ရတနာသုံးပါး သိကြား၊ ဗြဟ္မာ၊ စတုလောကပါလ၊ သာသနာတော်စောင့်နတ်၊ သမ္မာဒေဝနတ်တို့အား တင်ကြားပသ ပူဇော်ပြီးလျှင် ဂြဟဇာ ပွင့်ရာအရှေ့အရပ်သို့ မျက်နှာရည်လျှက် ကြာသပတေးသား၊ သောကြာသားတို့ ကအရှေ့အရပ်မှစ၍ လင်္ကျာရစ်လှည့်ပြီးလျှင် အမြောက်သံကြား၍ တပြိုင်နက်ပန္နက်တော်တင်ခဲ့ကြ ကာရတနာပုံ မန္တလေး မြို့တော်ကြီးအား တည်ထောင်ခဲ့ပါသည်။ယနေ့ကာလတွင် မန္တလေးမြို့တော် သည်ဘာသာ၊ သာသနာ ထွန်းကားသည့် ယဉ်ကျေးမှုမြို့တော်၊ အနုပညာမြို့တော်အဖြစ် ထင်ရှားစွာ တည်နေပါသည်။
အထက်တွင် ရေးသားဖော်ပြခဲ့သော မန္တလေးရတနာပုံ နေပြည်တော်ကြီး၏ သမိုင်းတွင် ရွှေမြို့တော်ကြီး တည်ထောင်မူရာ၌ ရတနာပုံ ရွှေမြို့တော်ကြီးနှင့်အတူ ဖွားဘက်တော်ခုနှစ်ရပ်(ဝါ) သတ္တဌာန တို့တွင် “မဟာလောကမာရဇိန်”ဘွဲ့တော်ခံ စေတီတော်မြတ်ကြီးသည် တစ်ဌာနအနေဖြင့် ပါဝင်ခဲ့ပေသည်။ ရွှေမြို့တော်တည်ဘဝရှင် မင်းတရားကြီးသည် သတ္တဌာနခုနှစ်ဌာနတွင် ကိုယ်တော်တိုင်ကြီးကြပ်ကာ စီမံဆောင်ရွက်၍ တည်ထောင်တော်မူခဲ့ခြင်းဖြစ်ပေသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved