ပြင်ဦးလွင်မြို့သမိုင်း

ပြင်ဦးလွင်မြို့သမိုင်း

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်သည် မန္တလေးမြို့မှ ၄၂ မိုင် အကွာ တွင် တည်ရှိပြီး ပင်လယ်ပြင်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၅၃၈ အမြင့်ပေတွင် တည်ရှိသော တောင်ပေါ်မြို့ တစ်မြို့ဖြစ်ပါသည်။ ၁၈၈၆ခုနှစ်တွင် ဗိုလ်မှူးကြီးမေ (Col.May)က မေမြို့ (Maymyo)မြို့အဖြစ် တည် ဆောက်ခဲ့ပါသည်။ ရှေးမြန်မာမင်းများ လက်ထက်၊ စော်ဘွားများက ဒေသဆိုင်ရာ အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ နယ်မြေ လုံခြုံရေးတို့ကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြသော မြို့ဖြစ်ပါသည်။ ၁၉၉၂ခုနှစ် ပြည်ထဲရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြ စာဖြင့် ပြင်ဦးလွင်မြို့ကို ခရိုင်အဖြစ် တည်ရှိစေခဲ့ပြီး ပြင်ဦးလွင်၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း နှင့် မိုးကုတ် မြို့နယ် (၅) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။
          ၂၀၂၁ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ပြင်ဦးလွင်ခရိုင်ကို ပြင်ဦးလွင်မြို့နယ် တစ်မြို့အဖြစ်သာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ပြင်ဦးလွင်မြို့နယ်ကို မြို့မရပ်ကွက်(၂၁)ခု၊ ကျေးရွာအုပ်စု (၃၇)အုပ်စု နှင့် ကျေးရွာပေါင်း(၁၁၆)ရွာတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ရပ်ကွက်ကြီး(၂၁)ခု၏ အကျယ်အဝန်းမှာ (၃၉.၅၃) စတုရန်းမိုင်နှင့် ကျေးရွာအုပ်စု (၃၇) အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၁၁၆)ရွာ အကျယ်အဝန်းမှာ (၇၂၄.၂၁) စတုရန်းမိုင်ရှိသည့်အတွက် တစ်မြို့နယ်လုံး ၏ ဧရိယာ စုစုပေါင်း (၇၆၃.၇၄) စတုရန်းမိုင် ကျယ်ဝန်း ပါသည်။
          ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ် ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ အနောက်ဘက်တွင် အောင်မြေသာစံခရိုင်ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်၊ တောင်ဘက်တွင် ကျောက်ဆည် ခရိုင်၊ ကျောက်ဆည်မြို့နှင့် မြောက်ဘက်တွင် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တို့ နှင့် ထိစပ်လျက်ရှိပါသည်။ ပြင်ဦးလွင်မြို့နယ်သည် ပင်လယ်ရေမျက်နှာြပင် အမြင့်ပေ(၃၅၃၈)ပေတွင်တည်ရှိပြီး အေးသမပိုင်းရာသီဥတု ဖြစ်ပါသည်။ အမြင့်ဆုံးအပူချိန်ပျမ်းမျှ (၃၂.၅)ဆဲလ်စီးယပ် အနိမ့်ဆုံးအပူချိန်မှာ (၁.၃) ဆဲလ်စီးယပ်ရှိပါသည်။ ပျမ်းမျှမိုးရွာရက် (၁၀၁)ရက်ခန့်ရှိပြီး ပျမ်းမျှမိုးရေချိန်လက်မမှာ (၆၆.၈၅) လက်မရှိပါသည်။ တောင်ပေါ်မြို့ တစ်မြို့ဖြစ်ပြီး ရာသီဥတုကောင်းမွန်သည့်အတွက် ခရီးသွားဧည့်သည် အများအပြားလာ‌ရောက်သည့် တောင်ပေါ် မြို့ဖြစ်ပါသည်။ ပြင်ဦးလွင်မြို့နယ်၏ လူဦးရေမှာ (၂၀၂၃)ခုနှစ်  စာရင်းဇယားအရ (၂၅၀၈၁၄)ဦး ရှိပြီး ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်သည့် မြို့ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ပြီး ဗုဒ္ဓဘာသာ ဝင် (၂၂၃၉၁၀)ဦး၊ အစ္စလာမ်ဘာသာဝင် (၉၆၈၅)ဦး၊ ခရစ်ယာန် ဘာသာဝင် (၈၆၉၈)ဦးနှင့် ဟိန္ဒူဘာသာဝင် (၆၇၇၆)ဦးအပြင် အခြားကိုးကွယ်သူ (၁၇၄၅)ဦးရှိပါသည်။

ပြင်ဦးလွင်မြို့တည်နေရာ

Developed by Myanmar Institute of Information Technology, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top