ဖူးမြော်လေ့လာရန်နေရာများ

စန္ဒမုခိမယ်တော်ကြီးဘုရား

           ရာဇဝင် နှင့် မော်ကွန်းအရတင်ပြရသော် ရှင်တော်မြတ်ဘုရားသည် ဒေသစာရီခရီးဖြင့် သာဝတ္ထိ ပြည်မွန် ဇေတဝန်မှ သုနာပရန္တ တမ္ပဒီပ တိုင်းဌာနသို့ လှည့်လာကာ ကျွတ်ထိုက်သူတို့အား တရားဓမ္မ ဟောပြမိန့်ခြွေတော်မူရင်း ဤမန်းတောင်သေလာသို့ ကြွရောက်လာလတ်သော်-လဝန်းပမာ ကြည်လင်စွာသော မျက်နှာရှိခြင်း‌ကြောင့် စန္ဒမုခိအမည်တွင်သော နတ်ဘီလူးမသည် မောင်တော်အရင်း ဘီလူးမင်းများနှင့်တကွ ငါးရာသော အခြံအရံဘီလူးများက သားပြွမ်းဆွမ်း။ သစ်သီးသစ်ဥ အစုစုတို့ဖြင့် လှူဒါန်းခြင်းပြု၍ လိုရာ ဆုတောင်းကြသောအခါ-

   ငါသည်လည်း အမြတ်ဆုံးပုဂ္ဂိုလ်အား အမြတ်ဆုံးဝတ္ထုဖြင့် လှူဒါန်းအံ့ဟုဆို၍ ထိုထိုသို့သော သစ်သီး သစ်ဥ အပဝတ္ထုတို့ဖြင့် လှူဒါန်းရခြင်းထက် ဇီဝိန်ကို မငဲ့ကွက်ဘဲ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြင့် လှူဒါန်း ရပေမူကား လွန်မြတ်သောအကျိုးကို ရပေမည်ဟုကြံပြီးသော် နူးညံ့သိမ်မွေ့ အတွေ့ညက်ညော မက်မောဖွယ်ရာ ပြည့်ဖြိုးစွာဖြင့် ကြောသေး‌ကြောမွှာ သွယ်ဖြာယှက်ကူး စိမ်းရောင်မြူးလျက် လနှစ်ဆူပြိုင်ဘော်ဆိုင်ပုလဲ မုတ္တာခဲပမာ ဝင်းဝင်းဖြာသည့် မိမိ၏ ရင်သားအစုံကို ပန်းနှယ်ခူး၍ လှူဒါန်းခဲ့ပေသတတ်။ ထိုအခါ ဘုရားရှင်သည် အာနန္ဒာအား မိန့်ကြားသည်မှာ ငါ၏ သာသနာ နှစ်ထောင်သာ၍လေးရာစွန်းက ဤတောင်ခြေတွင် မင်းနေပြည်တည်ကာ သာသနာတော်ကိုစောင့်ရှောက်ထောက်ပံ့သော သာသနာပြု မင်းကောင်းဖြစ်လိမ့်မည်ဟု   ဗျာဒိတ်ပေးညွန်ကြားခဲ့လေသည်။

မြတ်စောညီနောင်ဘုရား(ဗြန့်ကြီး)

           မြတ်စောညီနောင်ဘုရားကို ဗြန့်ကြီးခေါ်သော ဂန္ဓကုဋီတိုက်နေရာတွင် ရသေ့ကြီးမရောက်မီ ရှေးယခင်က အုတ်တိုက်ငယ်နှင့် ရှိနှင့်ပြီးသားဖြစ်သော ဘုရားဖြစ်သည်၊ ထိုနေရာကို ယခုတိုင် မြတ်စောညီနောင်စေတီဟု ခေါ်နေကြသည်၊ မြတ်စောညီနောင်ဆိုသည်မှာ အမြတ်ဆုံးသော မြတ်လှစွာသော အရှင်နှစ်ပါးအစုံဟု ဆိုလိုပါသည်၊ ထိုမြတ်စောညီနောင်နှစ်ဆူကို ရသေ့ကြီးက ၁၂၇၁-ခုနှစ် တွင် အသစ်ထပ်မံ သံရုပ်ပုံတော်များ အစားသွင်းကာ မြတ်စောနောင်တော်။ မြတ်စောညီတော်ဟု ကဗ္ဗည်းတပ်ကာ ပူဇော်ထားသည်၊ထိုသို့ မြတ်စောညီနောင် ရုပ်ပွားတော်အသစ် ပြုလုပ်ပြီးသည့်နောက်မှာ အရင်ရှိနှင့်ပြီးသား ဖြစ်သော ရုပ်ပွားတော်နှစ်ဆူကို မြွေကြီးနှစ်ကောင်အထက်တွင် ရွှေ့ပြောင်းပူဇော်ထားခဲ့သည်။

စွယ်တော်တိုက်၊‌ဂေါတမမြတ်စွာဘုရား

           ရသေ့ကြီးဦးခန္တီသည် ၁၂၆၉-ခုနှစ်မှ မန္တလေးတောင်တော် သာသနိက အဆောက်အဦးများ၊ အသစ် တည်ဆောက်ခြင်း၊ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ၁၃၁၀-ခုနှစ်တွင်ရသေ့ကြီး ကွယ်လွန်ခဲ့သည်။ရသေ့ကြီး ဦးခန္တီမကွယ်လွန်မီ ဤစွယ်တော်တိုက်ကြီးကို အုတ်မြစ်ချရုံမျှသာ စီမံသွားနိုင်ခဲ့သည်။ရသေ့ကြီး ကွယ်လွန်ပြီး နောက်ဤအာရုံခံပြသာဒ်တော်ကြီးကို တောင်တော်အုပ်ချုပ်ရေးအဖွဲ့က နှစ်ရှည်စီမံကိန်းဆွဲပြီးလျှင် ဆင်ဝင် လေးဘက်နှင့်တကွ ၁၅ပေအကျယ်၊၉ခန်းပတ်လည်ရှိသည့် အခန်းပေါင်း၁၀၈ခန်း ပါဝင်သောခိုင်ခံ့၊ခမ်းနားလှစွာ နှစ်စဉ် တစ်သိန်းနီးပါးမျှ အကုန်ခံပြီး တည်ဆောက်လာြခင်းဖြစ်သည်။ အမည်တော်မှာ ဂန္ဓကုဋီအတွင်းရှိ ရသေ့ကြီးသွန်းလုပ်ခဲ့သော ကြေးသွန်းရုပ်ပွားတော်ကြီးတွင်းရှိ “ဂေါတမ”ဟူသောအမည်တော်ကိုလည်းကောင်း၊မင်းတုန်းမင်းတရားကြီးလက်ထက်တော်က စွယ်တော် ယာယီ ကိန်းဝပ်ခဲ့သော တိုက်နေရာကိုစွဲ၍လည်းကောင်း “စွယ်တော်တိုက် ဂေါတမမြတ်စွာဘုရား”ဟု အမည်တော် သမုတ်ခြင်းဖြစ်သည်။

နန်းဦးဆုတောင်းပြည့်ဘုရား

           နန်းဦးဆုတောင်းပြည့်ဘုရားသည် မန္တလေးဘိုးဘိုးကြီးနန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး မတ်ရပ် ဆင်းတုတော်ပုံ ဆုတောင်းပြည့်ရှေးဟောင်းဘုရားဖြစ်ပါသည်။ ရှေးယခင်က မြန်မာရှင်ဘုရင်များ၊ မြန်မာ မင်းများ ကိုးကွယ်ကြည်ညိုသည့်ဘုရားဟု သိရှိရပါသည်။ နန်းဦးဆုတောင်းပြည့်ဘုရားကြီးအား နန်းတွင်း ရှင်ဘုရင်များ မင်းခန်းမင်းနား၊ နန်းတွင်းမင်းခင်းသဘင်ပွဲတို့ ဆောင်ရွက်ရာတွင် ရှင်ဘုရင်နှင့်အတူ ဝန်မင်းများ၊ မူးကြီးမတ်ရာများက ဦးစွာ နန်းဦးဆုတောင်းပြည့်ဘုရားအား လာရောက်ဆုတောင်းကန်တော့လေ့ရှိကြောင်း သိရပါသည်။ ကြောင့် နန်းဦးဆုတောင်းပြည့်ဘုရားဟု ယခုတိုင် ခေါ်ဆိုနေခြင်းဖြစ်သည်။

ရပ်တော်မူပြည်လုံးချမ်းသာဘုရားကြီး

           ရပ်တော်မူပြည်လုံးချမ်းသာဘုရားကြီးသည် အထက်ရပ်တော်မူ ဗျာဒိတ်ပေးဘုရားကြီးမှ စောင်းတန်း အတိုင်း အောက်သို့ဆင်းသော် ပြည်လုံးအေး၊စိုင်တမော့ဘုရားတို့ကို ဖူးမြော်ကြည်ညိုပြီးလျှင် အောက်ရပ်တော်မူ ပြည်လုံးချမ်းသာဘုရားကြီးကို ကြည်ညိုသပ္ပါယ်စွာဖူးတွေ့ရမည် ဖြစ်သည်။

          ‘‘ဇဗ္ဗူဒိပ် နိမိတ်ထွန်း” ဟူသော ဆိုထုံးစကား နှလုံးထားလျှက် ရသေ့ကြီးဦးခန္တီသည် မြန်မာပြည်သူ ပြည်သား အားလုံးသော လူတို့ကို လောကုတ်၊လောကီ နှစ်လီသော ချမ်းသာြဖင့် လိုအင်ဆန္ဒပြည့်ဝကြစေရန် ရည်သန်တောင့်တလျှက် ဥာဏ်တော်(၁၈)တောင်ရှိ ရုပ်ပွားတော်မြတ်ကြီးကို ‘‘ပြည်လုံးချမ်းသာ” အမည်တော် တပ်ပြီးလျှင် (၉)ခန်းပတ်လည် အာရုံခံသံတန်ဆောင်းပြဿဒ်နှင့်တကွ ပူဇော်ြပုလုပ်ထားသည်။

          ရပ်တော်မူပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး ကိန်းဝပ်စံပယ်ရာ (၉)ခန်းပတ်လည် အာရုံခံ၊ သံတန်ဆောင်းကြီးတွင် ဒုတယကမ္ဘာစစ်အတွင်းက စစ်ဘေးဒဏ်ကြောင့် သံတိုင်ကြီးများ၊ သွပ်မိုးများ၊ အကာများနှင့် ဒိုင်း၊ မျှားတန်းတို့တွင် ဗုံးစထိမှန်ခြင်း၊ ကျည်ဖောက်ဝင်ခြင်းများ ရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ် ဒဏ်ကြောင့် ပျက်စီးခဲ့မှုများ ယနေ့ထိ တွေ့မြင်နိုင်ပါသည်။

ဗျာဒိတ်ပေးဘုရား

           သက္ကရာဇ် ၁၂၂၁-ခုနှစ်တွင် မင်းတုန်းမင်းက မြတောင်မြို့စား သေနတ်ဝန်ကြီးကို တာဝန်ပေးလျက် ပန်းပုကျော်ပညာရှင်များကို ထုလုပ်စေခဲ့သည်။ ရွှေမြို့တော်ဘက်သို့ မျက်နှာမူ၍ မတ်တပ်ရပ်လျက် လက်ညိုးညွန်ကာ ရှင်အာနန္ဒာကို မိန့်တော်မူနေဟန်ဖြစ်သည်။

          ၁၂၄၅-ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်နေ့တွင် နွေဦးပေါက်ချိန်ဖြစ်၍ ရွှေကျီးမြင်ဘုရားနားမှ စလောင်သောမီးသည် မန္တလေးတောင်ပေါ်ထိ ကူးစက်ကာ ရပ်တော်မူ ဗျာဒိတ်ပေးဘုရားပါ၊ ပါသွားသည်ကို  သိရသည်။ ယခုလက်ရှိ ဗျာဒိတ်ပေးဘုရားမှာ ဆရာတော် ဉီးနန္ဒိယမှ ပြန်လည်ထုလုပ်ထားခဲ့သည်။

          ဉီးနန္ဒိယသည် ဒီပဲယင်းဇာတိဖြစ်သည်။ရဟန်း(၅)ဝါတွင် ရွှေဘိုမြို့၌ မည်သူမှ ဆက်တည်၍ မရသော အလောင်းဘုရားကောင်းမှုတော်စေတီတော်ကို ပြန်လည်တည်နိုင်ခဲ့သော ကိုယ်တော်ဖြစ်သည်။ ထိုစေတီ၏ ကျောက်စာတွင် မိမိတည်ထားခဲ့သော ဘုရားကို မိမိကိုယ်တိုင် လူဝင်စားမဟုတ်သော် တည်၍ မရစေ သတည်းဟု ထိုးထားသောကျောက်စာကို ထိုစေတီအား ပြုပြင်နေသော ဆရာတော်က ညွန်ပြလေသည်။ ထို့ကြောင့် ဉီးနန္ဒိယကိုယ်တော်သည် အလောင်းဘုရားဝင်စားသူအဖြစ် ထင်ပေါ်လာကာ မင်းလောင်းအဖြစ် သမုတ်ခံရခြင်းဖြစ်လေသည်။

          ဉီးနန္ဒိယသည်ထိုမှ မန္တလေးသို့ ရောက်လာကာ မန်းတောင်ခြေ လင်းဇင်းရပ်တွင် သီတင်းသုံး နေထိုင်ရင်း မန်းတောင်ပေါ်ရှိ ဗျာဒိတ်ပေးရပ်တော်မူဘုရားကို ပြန်လည်ထုလုပ်ခွင့် ရရှိလေသည်။ ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် အထက်ပိုင်း ကသာဆိပ်ကမ်းတွင် ဘုံဘေဘားမားသစ်ကုမ္ပဏီမှ ဖောင်အလုပ်သမားများက အလွန်ရှည်ပြီး ကြီးမားသော သစ်တုံးကြီးတစ်လုံးသည် သစ်ဖောင်တွဲ၍ သယ်မည်လုပ်က နစ်သွားလိုက် မတွဲက ပေါ်လိုက်ဖြစ်နေကာ ဆယ်ယူလို့မရ ဖြစ်နေသည်ကို ကြားသိရ၍ ဉီးနန္ဒိယသည် သွားရောက်အလှူခံကာ ဘုရားထုလုပ်ရန်မန်းလေးသို့ သယ်ဆောင်လာခဲ့သည်။ ထိုသစ်လုံးသည် မန္တလေးတောင်ပေါ်သို့ရောက်အောင် တောင်ခြေမှ (၇)ရက်ကြာအောင် ဆွဲတင် ခဲ့ရသည်ဟု သိရသည်။ တောင်ပေါ်ရောက်သောအခါ မင်းတုန်းမင်း ထုလုပ်ခဲ့သော ရုပ်ပွားတော်အတိုင်း ပန်းပု ပညာရှင် များဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။

ကုဿိန္ဓာရုံအင်ကြင်းတော

           အနောက်မဇ္ဇိမတိုက် အိန္ဒိယပြည်မြောက်ပိုင်း မလ္လတိုင်း ကုဿိန္နာရုံပြည်ဝယ် သက္ကရာဇ်-၁၄၈ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သော မြတ်စွာဘုရားကို နောင်လူအများ ကုသိုလ် ပွားစေရန် ရည်သန်လျက် ခြေတော်ရင်း၌ အင်ကြင်းတစ်ပင် ဦးခေါင်းတော်ရင်း၌ အင်ကြင်းတစ်ပင် ထား၍ အစုံသော အင်ကြင်းပင်တို့ အကြားညောင်စောင်းထက်ဝယ် လက်ယာနံတောင်း စောင်းလျက်မြောက်သို့ ဉီးခေါင်းပြုကာ ပရိနိဗ္ဗာန်စံဝင်တော်မူဟန် ဉာဏ်တော်(၁၈)တောင်ရှိ ရုပ်ပွားတော်မြတ်ကြီးကို အင်ကြင်းတော အသွင်ဆောင် သော ကိုးခန်းပတ်လည်အုတ်တိုက် အာရုံခံကြီးဖြင့် ပြုလုပ်ပူဇော်ထားသည်။

ဓာတ်တော်တိုက်ဘုရားကြီး

           ဓါတ်တော်တိုက်ဘုရားကို ရသေ့ကြီးက ၁၉၂၃-ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကိုးခန်း ပတ်လည် အုတ်တိုက်ဖြစ်ပြီး ဇာတ်တော်ကြီးဆယ်ဘွဲ့ ပန်းချီကားများဖြင့် တန်ဆာဆင်တည်ဆောက်ထားကာ အလယ်မှာ ဓာတ်တော်ထားရန် ကျနထူထပ်စွာ အခန်းဖွဲ့၍ ဆောက်ထားသောဓါတ်တော်ခန်း ရှိပါသည်။

          ဓါတ်တော်များမှာ အိန္ဒိယပြည် ပေသျှဝါမြို့ စေတီဟောင်းတစ်ဆူတွင် တူးဖော်ရရှိခဲ့သော မြတ်စွာ ဘုရား၏ ဓါတ်တော်အစစ်များသာဖြစ်သည်။ထိုဓါတ်တော်များ ရရှိခဲ့သော ဖြစ်စဉ်မှာ အိန္ဒိယပြည်အုပ်စိုးသော ကနိသျှပ်ကမင်းသည် ဉာဏ်တော်အမြင့်ပေ(၄၀ဝ)ရှိသော စေတီကြီးတစ်ဆူကို တည်ကာ မြတ်စွာဘုရား၏ ဓါတ်တော်များကို ဌာပနာထားသည်။ ယင်းစေတီသည် အဝန်းအားဖြင့် (၂)ဖာလုံရှိပြီး ကြီးကျယ်မြင့်မားသော စေတီတစ်ဆူဖြစ်သည်၊ထိုစေတီကြီးသည် ခေတ်ကာလပြောင်းကာ အချိန်ကြာမြင့် လာသောအခါ ပျက်စီး ယိုယွင်းပြီး တောင်မို့မို့ကြီးသဖွယ် ဖြစ်နေသည်။ထိုသို့ဖြစ်နေသည်ကို သမိုင်း ပညာရှင်များက ရှာဖွေ တွေ့ရှိ၍ သမိုင်းအထောက်အထား အမှတ်အသားများကို ရှာဖွေကြည့်ရာ ထိုနေရာသည် စေတီဖြစ်သည်ကို သိရှိခဲ့ သည်။ထိုစေတီကို အလယ်တည့်တည့်မှ တူးဖော်စေခဲ့ရာ ပေ(၂၀)တွင် ကျောက်ဌာပနာတိုက်ကို တွေ့ရှိခဲ့သည်။ ၎င်းအတွင်းမှ ဓါတ်တော်ကြုတ်၊ ကြုတ်အဖုံးပေါ်၌ ပလ္လင်ထက်ဝယ် ဘုရားရှင်သည် လက်ယာ လက်တော်ကို ဖြန့်၍ နေဟန်ကိုလည်းကောင်း။ ဝဲယာမှ ရဟန္တာများ မတ်ရပ်ရှိခိုး နေဟန်ကိုလည်းကောင်း။ ကြုတ်ဘေး ပတ်လည်၌ နဂါးရုပ်နှင့်တကွ ဟင်္သာပျံ နင်းလျက် မင်း၏ ပုံကိုပါ အပြည့်အစုံ တံဆိပ်နှိပ်လျက် တွေ့ရှိခဲ့သည်။ ကြုတ်တော်မှာ အဝ(၅)လက်မ၊ အစောက်(၄)လက်မ သံသေဖြင့် ပြုလုပ်ထားသည်။ ၎င်းသံသေကြုတ်အတွင်း၌ သလင်းကြုတ်နှင့် ထည့်သွင်း ထားသော ဓါတ်တော်များ ကိုတွေ့ရသည်။ ဓါတ်တော်များကို တွေ့ရှိချိန်တွင် အိန္ဒိယပြည်၌ ဗုဒ္ဓဘာသာဝင် လွန်စွာနည်းပါး နေလေပြီး ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာများသော မြန်မာပြည်ကို လွဲပြောင်းပေးအပ်ရန် စီစဉ်ခဲ့လေသည်။

          ထိုအချိန်တွင် မန္တလေးမြို့၌ ၁၉၀၅-ခုနှစ်ကစပြီး ပလိပ်ရောဂါဆိုးကြီး ကျရောက်ပြီး လူအများအပြား သေကျေကာ အများစုမှာ မြို့နှင့်ဝေးရာသို့ ထွက်ပြေးနေရလေသည်။ မြို့နေလူသူများမှာလည်း စိတ်ပိုင်း ဆိုင်ရာ အားနည်းမှုနှင့် ကြုံတွေ့နေရသောအချိန်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံဘုရင်ခံ ဆာသာ ကယ်ဝှိုက်က အိန္ဒိယမှ တူးဖော်တွေ့ရှိခဲ့သော ဓါတ်တော်ကြုတ်ကို စိတ်ဓာတ်ခြောက်ခြား ပျက်ပြား နေသော မန္တလေးမြို့သို့ ပေးပို့ဖို့ သဘောတူလိုက်သည်။ရန်ကုန်ကို (၂၂.၃.၁၉၁၀)ခုနှစ်မှာ ဓါတ်တော် ရောက်လာပြီး ရွှေတိဂုံရင်ပြင်တွင် (၅)ရက် ယာယီထားရှိ၍မန္တလေးကို (၂၈.၃.၁၉၁၀)နေ့မှာ ရောက်ရှိ ခဲ့သည်၊ထို့ကြောင့် ထိုဓါတ်တော်များကို ရသေ့ကြီးက မန္တလေးတောင်မှာ ထာဝစဉ်ထားရှိရန် ရေလှည့် တောင်ထိပ်၊ ယခုဓါတ်တော်တိုက်ဘုရားတွင် ဓါတ်တော်တိုက်ဆောက်လုပ်ကာ ထားရှိခဲ့ခြင်းဖြစ်သည်။ နောင်မှ ဓါတ်တော်တိုက်ကို မသမာသူများက ဖောက်သောကြောင့် လုံခြုံသောနေရာတွင် ပြောင်းရွှေ့ကာ ဥပုသ်နေ့မှသာ ပူဇော်ခံပြသခဲ့သည်။ ယင်းဓါတ်တော် များကို ဥပုသ်နေ့တိုင်း ဉီးခန္တီပြတိုက်တွင် ဖူးမြော် ကြည်ညိုနိုင်ပါသည်။

မန္တလေးတောင်တော် မြွေကြီးနှစ်ကောင်

           ရသေ့ကြီးဦးခန္တီ မန္တလေးတောင်သို့ မရောက်မီ ဦးနန္ဒိယ ကိုယ်တော်ကြီးလက်ထက် ဗျာဒိတ်ပေး ဘုရားကြီးထုလုပ်နေစဥ်အခါက မန္တလေးမြို့မြောက်ပြင်၊လင်းဇင်းရပ်(လှေလျှော်သားများ နေထိုင်ခဲ့ရာအရပ်)နေ ပန်းပဲလည်းလုပ် ဆေးလည်းကုသည့် ပန်းပဲဆရာ၊ဆေးဆရာကြီး ဦးဘေတို့ ဇနီးမောင်နှံ အိမ်ဝင်းအတွင်း ညတညတွင် အမှတ်မထင် ရုတ်တရက်ဆိုသလို မြွေကြီးအဖိုအမနှစ်ကောင်ကို တွေ့ရှိခဲ့ရသည်။ ထိုအခါ မြွေဆရာကြီး ဦးလုံးအား အကြောင်းကြား၍ ခေါ်ပြသည်တွင် ဦးလုံးမှ ဒါ မြွေကောင်းကြီးများဖြစ် သည်ဟု ပြောပြီးလျှင် ဖမ်းယူလေသည်။ ဦးလုံးသည် ထိုမြွေကြီးနှစ်ကောင်ကို မြောက်ပြင် မိဘစျေးမှစ၍ မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ လိုက်လံပြသခဲ့ရာ ငွေ ၃၀၀ ကျပ်လောက်ရရှိခဲ့သည်ဟု ဆို၏။

          ထိုအခါ ဦးနန္ဒိယ ကိုယ်တော်ကြီးသည် မြွေဆရာကြီးဦးလုံးအား ဒီမျှလောက်ရရှိကာ ကျေနပ်ဖွယ်ရှိပါပြီ၊ မိမိ ဗျာဒိတ်ပေးဘုရားကြီး ထုလုပ်နေသည့် နေရာတွင် ထားလိုပါသည်။ လူအများ မပြတ်လာရောက်၍ မြွေကြီး နှစ်ကောင်ကြည့်ပြီး အလှူငွေ ထည့်ဝင်ခြင်း၊ပန်းပုဆရာများလည်း အပျင်းပြေစေရန် ရည်ရွယ်၍ မြွေဆရာကြီး ဦးလုံးထံ အလှူခံရာ မြွေဆရာကြီး ဦးလုံးက ပေးလှူလိုက်ပါသည်။

          ဗျာဒိတ်ပေးဘုရားကြီးထုနေစဥ် တစ်နှစ်နှင့်ရှစ်လတိုင် မန္တလေးတောင်၌ ထားခဲ့ရာ လူအများပါးစပ်မှ “မန္တလေးတောင်မြွေကြီးနှစ်ကောင်၊သွားလို့ကြည့်ရအောင်”ဆိုစကား ဖြစ်ပေါ်လာပြီး လာရောက်ဘုရားဖူးသူများ ပိုမိုများပြားလာကာ၊လာသူတိုင်းက အလှူငွေများလှူဒါန်းခဲ့ကြသဖြင့် အလှူငွေတော်တော်များပင် ရရှိခဲ့ကြောင်း သိရသည်။  ဗျာဒိတ်ပေးဘုရားကြီး ထုလုပ်ပြီးသည့်အခါ မြွေကြီးနှစ်ကောင်ကို ရန်ကင်းတောင်သို့ ယူဆောင်ပြီး “ဘုရားကြီးလည်း ထုလုပ်ပြီးပါပြီ၊ဘုရားဒကာ၊ဘုရားအမတို့လည်း အလိုရှိရာ သွားပေတော့”ဟုဆို၍ လွှတ်လိုက် ရာ တွင်းကြီးထဲသို့ အလိုအလျောက်ဝင်သွားသည်ဟု ဆိုပါသည်။

          ရ‌သေ့ကြီးဦးခန္တီမှ ထိုမြွေကြီးနှစ်ကောင်သည် ဘုရားဒကာ၊ဘုရားအမများ ဖြစ်သောကြောင့် နောင်လာ နောင်သားများ အမှတ်တရဖြစ်စေရန် ရသေ့ကြီးဦးခန္တီမှ ပုံတူသွင်းလုပ်စေပြီးလျှင် ဆုတောင်းပြည့်မြတ်စွာဘုရား ကြီး မြောက်စောင်းတန်းမှ တက်လာ၍ ဘုရားဖူးသောဟန်၊သဏ္ဍာန်ဆောင်ပြီး ဆုတောင်းပြည့်ဘုရားကြီး မြောက်ဘက်အဆင်း သံတန်ဆောင်းတွင် ထားရှိသည်။ ထိုမြွေကြီးနှစ်ကောင်မှာ ယနေ့တိုင်ဘုရားဖူးများ လာရောက်ကြည့်ရှုကြပြီး ကန်တော့ပွဲထိုးခြင်း၊အစာ (နဂါးစာ) ကျွေးခြင်း၊ လိုရာဆုတောင်းခြင်း၊အဓိဋ္ဌာန်ပြုခြင်းများ ပြုလုပ်ကြပြီး အလှူငွေများထည့်ကြသည်။ မြွေကြီး နှစ်ကောင်သည် ယနေ့ထိတိုင် မန္တလေးတောင်တော်၏ ဘုရားဒကာ၊ဘုရားအမ အဖြစ် သာသနာပြုလျက်ရှိပါသည်။

ကျန်စစ်သားခြေရာ
ကျန်စစ်သားခြေရာ
ကျန်စစ်သားခြေရာ
မန္တလးတောင်တော်ဆုတောင်းပြည့်အာရုံခံတန်ဆောင်းကျောင်းဆောင်တော်ကြီး
ဆုတောင်းပြည့်ဘုရားကြီးညရူခင်း
တောင်တက်တောင်ဆင်းကားလမ်း
တောင်တက်တောင်ဆင်းကားလမ်း
တောင်တက်တောင်ဆင်းကားလမ်း
တောင်တက်တောင်ဆင်းကားလမ်း
မန္တလေးတောင်တော်ဆုတောင်းပြည့်စေတီတော်ကြီးနှင့် လေးမျက်နှာဘုရား
မန္တလေးတောင်တော်ဆုတောင်းပြည့်စေတီတော်ကြီးနှင့် လေးမျက်နှာဘုရား
မန္တလေးတောင်တော်ဆုတောင်းပြည့်စေတီတော်ကြီးနှင့် လေးမျက်နှာဘုရား
မန္တလေးတောင်တော်ဆုတောင်းပြည့်စေတီတော်ကြီးနှင့် လေးမျက်နှာဘုရား
မန္တလေးတောင်တော်ဆုတောင်းပြည့်စေတီတော်ကြီးနှင့် လေးမျက်နှာဘုရား

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top