မန္တလေးတောင်တော် သမိုင်း

မန္တလေးတောင်တော် ဘုရားသမိုင်း

မန္တလေးတောင်သည် မန္တလေးမြို့မြောက်ဘက်တွင် တည်ရှိပြီး တောင်ပေါ်မှ ကြည့်လျင် မန္တလေးမြို့ ကြီးကို အပေါ်မှ ဖုံးအုပ်ထားသကဲ့သို့ မြင်ရပြီး မန္တလေးနန်းမြို့ ကျုံး။ပြဿဒ်နှင့် ရတနာပုံ မင်းနေပြည် နန်းတော်တို့ကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။

          မန္တလေးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၇၇၆)ပေ ၊ မြေပြင်မှ ပေ(၅၀ဝ)မြင့်သည်။ မန္တလေးတောင်တော်ကို စောင်းတန်းကြီးလေးသွယ်မှ တက်နိုင်သလို ကားလမ်းဖြင့်လည်း တက်နိုင်သည်။ စောင်းတန်းကြီးလေးသွယ်မှာ-

          ၁။ ခြင်္သေ့ကြီးနှစ်ကောင်ရှိရာ တောင်ဘက်စောင်းတန်း          

          ၂။ အနောက်ဘက်စောင်းတန်း

          ၃။ မြောက်ဘက်စောင်းတန်း

          ၄။ မန္တလေးဘိုးဘိုးကြီးနတ်နန်းတည်ရှိရာ အရှေ့တောင်စောင်းတန်း တို့ဖြစ်သည်။

          မန္တလေးတောင်၏ တောင်ထိပ်အမြင့်ဆုံးနေရာတွင် ဆုတောင်းပြည့်စေတီတော်ကြီး တည်ရှိသည်။ စေတီတော်ပေါ်သို့ တက်ရောက်ဖူးမျှော်နိုင်ရန်အတွက် ဓါတ်လှေကား၊စက်လှေကားများ တပ်ဆင်ပေးထား သည်။

          ဆုတောင်းပြည့်စေတီတော်ကြီးသည် ညဏ်တော်(၈၁)ပေ၊ လုံးပတ်တော်(၇၄)ပေ၊ ရင်ပြင်အကျယ် အဝန်း (၆၅၀)ပေ၊ တိုးချဲ့ရင်ပြင်အကျယ်အဝန်း(၁၀)ပေ ရှိပါသည်။

          သက္ကရာဇ်  (၁၂၂၁)   ခုနှစ်တွင်   မင်းတုန်းဘုရင်  မင်းမြတ်သည် မန္တလေး  ရတနာပုံ    မြို့တော်ကြီးကို      

 ၁။ နန်းမြို့တော်၊ ၂။ ရွှေမြို့တော်၊ ၃။ ရွှေကြိုးသတ်နယ်ဟု (၃)ပိုင်း သတ်မှတ်လျက် တည်ထောင်ခဲ့ရာ မန္တလေးတောင်သည် နန်းမြို့တော် မြောက်ဘက်တွင် တည်ရှိသောကြောင့် ရွှေကြိုးသတ်နယ်ထဲတွင် ပါဝင်သည်။

          ဆုတောင်းပြည့်စေတီတော်ကြီးကို ရှေးမြန်မာ သာသနာပြုမင်းများဖြစ်ကြသော-

          ၁။ (အေဒီ-၇၄၀)တွင် သီရိဓမ္မသောကမင်းကြီးမှ မေးရိုးတော် ထည့်သွင်းဌာပနာခြင်း။

          ၂။ ဒွတ္တဘောင်မင်းကြီးမှ သက္ကရာဇ်(၁၀၁)ခုနှစ်တွင် ညှပ်ရိုးတော် ထည့်သွင်း ဌာပနာခြင်း။

          ၃။ သက္ကရာဇ်(၃၆၄) ခုနှစ်တွင် အနော်ရထာမင်းကြီးမှ ဘုရားရှင်၏သင်းကျစ်တော်ဌာပနာခြင်း။

          ၄။ သက္ကရာဇ်(၈၃၀)ခုနှစ်တွင် မင်းကြီးသီဟသူမှ စေတီတော်ကြီး၏ အာရုံခံနှင့် စောင်းတန်းများ လှူဒါန်းခဲ့သည်။

          စေတီတော်ကြီး၏ တနင်္ဂနွေထောင့်တွင် အောင်မြေ(၁၁)ဌာနပေါင်းစပ်ထားသည့် အောင်မြေ ပေါင်းချုပ် ရှိသည်။ အင်္ဂါထောင့်တွင် ဘုရားဖူးလာအများပြည်သူများ ရေသပ္ပါယ်နိုင်ရန်အတွက် ဂြိုလ်ပြေနံပြေ ဘုရားရှိပါ သည်။စေတီတော်ကြီး၏ အောက်ခြေတွင် မုခ်(၄)မုခ်ထားကာ ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ဂေါတမဘုရားလေးဆူထည့်သွင်းပူဇော်ထားပါသည်။ထိုဘုရား(၄)ဆူအားမနုတ္တရသင်းကျစ်မာရ်မင်းစစ် ကို အောင်မြင်တော်ဟန် သဏ္ဌန်တူစွာ ပြုထားပါသောကြောင့် လာရောက်၍ ဘုရားဖူးသူများ ဆုတောင်းပြည့် သည့်အတွက် ဆုတောင်းပြည့်စေတီတော်ကြီး၊ ဆုတောင်းပြည့်ဘုရားဟု ရှေးယခင် ကတည်းက အမည်တွင် သည်။

ဆုတောင်းပြည့်ဘုရားကြီးဖူးမျှော်ပြီးလျှင် အခြားတန်ခိုးကြီးဘုရားများကိုလည်း ဖူးမျှော်ကြည်ညိုနိုင် ပါသည်။

          ၁။ စန္ဒမုခိမယ်တော်ကြီးဘုရား

          ၂။ မြတ်စောညီနောင်ဘုရား(ဗြန့်ကြီး)

          ၃။ ဗျာဒိတ်ပေးဘုရားကြီး

          ၄။ ပြည်လုံးချမ်းသာဘုရားကြီး

          ၅။ ကုဿိန္နာရုံအင်ကြင်းတောဘုရား

         ၆။ နန်းဦးဆုတောင်းပြည့် ဘုရားကြီး

         ၇။ စွယ်တော်တိုက်ဂေါတမမြတ်စွာဘုရား

         ၈။ ဓါတ်တော်တိုက်ဘုရား

         ၉။ မြွေကြီးနှစ်ကောင်ဘုရား တို့ကို ဖူးမျှော် ကြည်ညိုနိုင်ပါသည်။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved

Scroll to Top