ဘုရားသမိုင်း
ရွှေကျီးမြင်မြတ်စွာဘုရား သမိုင်း
ဗျိုင်း ၊ ဖား ၊ ဖွတ်တို့ တိတ်သုံးတန်ကြို့ရသည် မြို့ရွှေပေါက္ကံပုဂံပြည့်ရှင် ဆင်ဖြူများရှင် အနော်ရထာမင်းကြီး၏ မြေးတော် ၊ ဘုန်းတော် အလွန်တရားကြီး မြတ်တော်မူ သောစကြာ ရတနာရှင်ဆင်ဖြူများရှင်အလောင်းစည်သူမင်းကြီး၏ သားတော်ကြီးဖြစ်တော်မူသော “မင်းရှင်စော” သည် သာသနာတော် (၁၆၀၀) ကျော် ၊ သက္ကရာဇ် (၅၀၀) ကျော်တွင် တိုင်းနိုင်ငံ လှည့်လည်တော်မူ သည်တွင် အလွန်လှပထူးဆန်းသော(ရွှေအဆင်းရှိသော)ရွှေကျီးတစ်ခုနား၍နေသည်ကို မြင်သော အကြောင်းအသို့နည်းဟု မင်းချင်း ယောက်ျား ပညာရှိများအား မေးမြန်းတော်မူရာ “ အရှင်ဘုရား၏ ဘုန်းကံပါရမီကြောင့်ရွှေကျီးနားသော ဌာန၌ဘုရားတည်ထားကိုးကွယ်တော်မူရန် သာသနာတော် စောင့်နတ်များ၏ နှိုးဆောင်ချက် ဖြစ်ပါကြောင်း ”မင်းချင်းယောက်ျားများ၏ လျှောက်တင်ချက်အရ စေတီတော်တည်ထား၍ ဓာတ်တော်မွေတော်များကိုဌာပနာတော်မူလေသည်။ (အထက်ပါသမိုင်း အကျဉ်း အရမူ-ယနေ့ ၁၃၇၈-ခုတွင်ရွှေကျီးမြင်စေတီတော်မြတ်ကြီး၏သက်တမ်းသည် ၈၇၈ နှစ်ခန့် ရှိနိုင်ကြောင်း)
စေတီတော်တည်ရာဌာနတွင်ရွှေကျီးနားသည်ကိုမြင်တော်မူသောကြောင့်“ရွှေကျီးမြင်မြတ်စွာဘုရား” ဟု ဘွဲ့တော် သမုတ်တော်မူလေသည်။ရွှေကျီးမြင်မြတ်စွာဘုရား လိုဏ်ဂူတော်အတွင်း ၊ ဆုတောင်းပြည့်ဘုရား ရုပ်ပွားတော်တစ်ဆူကိုလည်း ဓာတ်တော် မွေတော်များ ဌာပနာ၍ တည်ထား ကိုးကွယ်တော်မူခဲ့လေသည်။
မင်းရှင်စော တည်ထားကိုးကွယ်တော်မူခဲ့သော ရွှေကျီးမြင်ဆုတောင်းပြည့်မြတ်စွာဘုရား လိုဏ်ဂူတော်အတွင်းဝယ် ဘုန်းတန်းခိုးအာနုဘော် အလွန်တရား ကြီးမြတ်တော်မူ သော မင်းရှင်စော ၏ခမည်းတော် အလောင်းစည်သူမင်းကြီးအား တာ၀တိံသာနတ်ပြည်ကို စိုးပိုင်တော်မူသော သိကြားမင်းဆက်သသည့် ဆံတော် ဓာတ်တော် မွေတော်များ ထည့်သွင်း ပူဇော်ထားသော တန်ခိုး ကြီးဆုတောင်းပြည့်ဘုရားများ ကိန်းဝပ်စံပါယ်တော်မူလေသည်။
အလောင်းစည်သူမင်းကြီးကားမိဖုရားလေးပါးတည်း။ ရတနာပုံမိဖုရား ၊ တိလောကစန္ဒာ ၊ ရာဇကုမ္မာရီ ၊ တောင်ပြင် မိဖုရားတို့ ဖြစ်လေ၏။ရတနာပုံမိဖုရားမှ မင်းရှင်စောအား ဖွားမြင် တော်မူ၏။
သားတော်မင်းရှင်စောသည်မင်းကြီးအားညီနောင်များနှင့်အခစားဝင်ရာတွင်မကြည်လင်သော အမြင်တို့ဖြင့်မင်းကြီးအားမခစားဘဲမျက်နှာလွှဲ၍အတန်ငယ်နေပြီးသော် ကိုယ်မကျန်း မအီရှိသည် ဟူ၍ ထွက်သွားလေ၏။
အလောင်းစည်သူမင်းကြီး အထိန်းတော်သား အနန္တသူရိယကို မင်းကြီးသနားတော်မူ၍ မင်းညီမင်းသားတို့ ဝတ်ထိုက်သာ ဒုယင် ၊ အခြေတက်သော ဝတ်လုံကို ပေးတော်မူ၏။ ထိုဝတ်လုံ နှင့်အနန္တသူရိယအား သားတော်မင်းရှင်စောမြင်လေသော် “ဤကား မင်းထိန်း ၊ မင်းယတို့ ဝတ်ထိုက် သော အဝတ်မဟုတ် ။ မင်းညီမင်းသားတို့သာ ဝတ်ထိုက်သော အဝတ်သာဖြစ်၍ ဒုယင် တတ်သော ဝတ်လုံကို ချွတ်၍လဲစေ၏။ထိုအကြောင်းကို မင်းကြီး ကြားတော် မူသော်” ငါပေးတော်မူ၍ ဝတ်သည်ကို ငါမသေခင်က ဤသို့ကျင့်သည် ၊ ငါမရှိ၍ မင်းဖြစ်က ငါ့သားတော် ၊ ငါ့သမီးတော် မှူးတော် ၊ မယ်တော်တို့ကို ညှဉ်းပန်းနှိပ်စက်လတ္တံ” ဟု စားကျေးစားလက်နှင့်တကွ အခြွေအရံ ဥစ္စာရွှေ ၊ ငွေတို့ကို ရုတ်သိမ်းတော်မူ၍ နှောင်အိမ် သို့သွင်းလေ၏။ရတနာပုံမိဖုရားသည် မှူးကြီး မတ်ကြီးတို့နှင့် မင်းကြီးအား သနားတော်မူရန် လျှောက်ဖန်များလတ်သော မင်းကြီးလည်း သနားတော်မူပြန်၍ ဆင် ၊ မြင်းဥစ္စာတို့ကို ပေး တော်မူပြီးသော်“ငါ့ကို မျက်နှာသုန်၍ သွားဖူးလေပြီ ဖြစ်သောကြောင့် ငါ့နန်းတော်တွင် မနေ နှင့်”ဟု နှင်ထုတ်တော်မူလေ၏။
သားတော်မင်းရှင်စောလည်း အလုံးအရင်း ဆင် ၊ မြင်းဗိုလ်ပါနှင့်တကွ အရှေ့ဘက် ထွန်တုံး ပူတက်တွင် ရွာပြုပြီး တည်ထောင်နေလေ၏။ထိုအရပ်၌ အနံ ၊ အလျား အတာ သုံးထောင်ရှိသော အောင်ပင်လယ်ကန်ကိုလည်း ဆယ်၏။တမုတ်ဆိုးအရပ်၌ အနံ ၊ အလျား အတာသုံးထောင်ရှိသော အောင်ပင်လယ်ကန်ကိုလည်း ဆယ်၏။တမုတ်ဆိုးအရပ်၌ ကန်ကို လည်းဆယ်၏။မြောင်းသုံးသွယ် လယ်ပတ်သုံးသောင်းဖြစ်စေ၏။တစ်နှစ်သုံးသီးစာရ၏။ အလွန်၀ပြောစည်ပင်စွာ ဖြစ်လေ၏။ ထိုသို့ စီရင်သောကြောင့် ကျီကြဘဏ္ဍာရွှေ ၊ ငွေဥစ္စာ စပါး ပေါများ၏။ဆင်လုံး ၊ မြင်းရင်း အခြွေအရံလည်း များ၏။ပါဠိအဌကတ၏ထာ ဋီကာ ကျန်တော် မူသော အရိယာသံဃာတော်တို့ကို ပင့်၍ ကျမ်းဂန် များစွာ ပြုပြီးလျှင်ပို့သင်ကြားရ၏။ပစ္စည်းလေးပါးထောက်ပံ့တော်မူ၍သာသနာတော်ကို ထွန်းလင်း စေ၏။
“ရှေးမြန်မာမင်းမြတ်တို့ ကိုးကွယ်တော်မူခဲ့သော”
“နန်းစဉ် ဆုတောင်းပြည့်ဆင်းတုတော်များအား”
“ရွှေကျီးမြင်မြတ်စွာဘုရားသို့ ပင့်ဆောင်ပူဇော်ခြင်း”
ဗုဒ္ဓမြတ်စွာ သာသနာပြု ၊ တိုင်းပြုပြည်ပြု ၊ ဘုန်းရှင်ကံရှင် ၊ မြန်မာဘုရင် ဧကရာဇ်မင်းမြတ် တို့ ထီးစဉ်နန်းဆက် မင်းအဆက်ဆက် ကိုးကွယ်တော်မူခဲ့ကြသော တန်ခိုးကြီး ဆုတောင်းပြည့် မြတ်စွာဘုရား ဆင်းတုတော်များနှင့် ဗုဒ္ဓအံတော်မြတ်တို့ကို အခြားသူတို့ ပင့်ဆောင်ခြင်းငှာမစွမ်း ၊ ရွှေနန်းတောင်းဦးတွင် တန်းခိုးတော်အားဖြင့် ကြွင်းကျန်ရှိတော်မူသော ရုပ်ပွားဆင်းတုတော်များ နှင့်ဗုဒ္ဓအံတော်မြတ်တို့ကို(သာသနာ ပစ္ပတ္တိကဗာဟီရက) ဖြစ်သောလူဆိုး ၊ လူသွမ်းတို့၏ ဖျက်ဆီး ခြင်းအန္တရာယ်များကို သာသနာတော်စောင့် နတ်မင်းများမှ ကာကွယ်စောင့်ရှောက်လျက် သာသနာ တော် (၅၀၀၀)တိုင်အောင် တည်ထွန်းပါစေခြင်းအကျိုးငှာ သီတင်းသုံးတော်မူရင်း ရတနာပုံ ရွှေနန်းတော်ဦးမှ မန္တလေးမြို့ အနောက်ပြင် ပြည်ကြီးကျက်သရေအရပ်ရှိ “အလောင်းစည်သူ မင်းတြားကြီးဘုရား”၏ သားတော် “မင်းရှင်စော” တည်ထားကိုးကွယ်တော်မူခဲ့သော (ရွှေကျီးမြင်မြတ်စွာဘုရား) ဂန္ဓကုဋိလိုဏ်ဂူတော် အတွင်းသို့-
၁၂၅၁ ခုနှစ် ၊ ဝါဆိုလဆန်း(၄)ရက်နေ့တွင် မာလာလက်ာရ ဓမ္မသေနာပတိ ၊ အတုလဓိပတိ သီရိပဝရ မဟာရာဇာ ဓိရာဇဂုရု(တောင်တော်သာသနာပိုင်ဆရာတော်) အမှူးရှိသော တံဆိပ်တော်ရ ဆရာတော်ဘုရားကြီးများနှင့်တကွ ဆွေတော်မျိုးတော်များ ၊ (အဂ္ဂမဟာသေနာပတိဝန်ရှင်တော် ကင်းဝန်မင်းကြီး ၊ သတိုးမင်း ၊ မဟာမင်းလှစည်သူကျော်) စသော မှူးတော်မတ်တော် ပြည်သူ အပေါင်းတို့ အညီအညွတ် ကြီးကျယ်ခမ်းနားစွာ ပင့်ဆောင်ကိုးကွယ်ကြပါကြောင်း ၊ ရတနာပုံ ရွှေနန်းတော်အတွင်းမှ ရွှေကျီးမြင်မြတ်စွာ ဘုရားသို့ အဆိုပါ နန်းစဉ်ဆင်းတုတော်များ ပင့်ဆောင် စဉ်က အသုံးပြုခဲ့သော ဝေါတော်ကြီး နှစ်စင်းကို အများပြည်သူများလေ့လာနိုင်ရန် ဂေါပကအဖွဲ့မှ စနစ်တကျ ထိန်းသိမ်းထားပါ ကြောင်း။
နန်းစဉ်တန်ခိုးကြီး ဆုတောင်းပြည့်ဘုရားများသမိုင်း
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၊ပြည်ကြီးကျက်သရေအရပ်၊ရွှေကျီးမြင်မြတ်စွာ ဘုရား လိုဏ်ဂူတော် အတွင်းသို့ ၁၂၅၁ ခု ၊ ဝါဆိုလဆန်း(၄)ရက်နေ့တွင် ရွှေနန်းတော်ဉီးမှ ပင့်ဆောင်၍ ယခုအခါနေ့စဉ် ဖူးမြင်နိုင်သော ရှေးမြန်မာမင်း အဆက်ဆက်တို့ ကိုးကွယ်တော်မူခဲ့ကြသော တန်ဖိုးကြီး ၊ တန်ခိုးကြီး ၊ ဘုရားများသမိုင်း-
ရှင်ဖြူဘုရားသမိုင်း
အလောင်းစည်သူမင်းကြီးသည်ဇမ္ဗုသပြေပင်ရင်းသို့ရောက်သော်ဘုရားရှင်တို့ သီတင်း သုံးရာ ဖြစ်သော(ခရုသင်းပွတ်သစ်နှင့်)တူသောကျောက်ဖျာကိုမြင်တော်မူလေလျှင် ၊ နေတော် မူလိုသော စိတ်ရှိသည်ဖြစ်၍ဟူးရားဖြူ၊ဟူးရားညိုတို့အားမေးတော်မူရာ“နေတော်မမူသင့်ချေ။ ဘုရားသခင်တို့ သီတင်းသုံးရာ ဖြစ်တန်ရာသည်။ ဘုရားသခင်သီတင်းသုံးရာနေရာ ဖြစ်သော် အရှင်မင်းကြီး၏ ဉီးပေါင်းတော်အား ကျောက်ဖျာပေါ်သို့ တင်၍ ကြက်တောင်ကို မီးဝယ် ပစ်သကဲ့သို့ ကျွမ်းသည် ဖြစ်စေသားဟု အဓိဠာန်တော်မူ၍ တင်တော်ရန်” ဟု နားတော် လျှောက်တင်၏။
မင်းကြီးသည် လျှောက်တင်သည့်အတိုင်း ဉီးပေါင်တော်ကို ကျောက်ဖျာအထက် တင် တော်မူသော် ၊ ဉီးပေါင်းတော်လည်း ၊ တစ်ခဏချင်း ၊ ဝါဂွမ်းကို မီးဝယ်ပစ်သကဲ့သို့ ကျွမ်း လေ၏။
ဤအရာကို မင်းကြီးမြင်သော် ၊ ကြည်ညိုသောစိတ်တောင်ရှိသည်ဖြစ်၍ ခုနစ်လတိုင် တိုင် သဘင်ကြီးစွာ ခံတော်မူ၏။ထိုအခါ သိကြားမင်းသည် ဤမင်းကား……..ဘုရားရှင် သာသနာ ပတ်လုံးသတ္တဝါများအကျိုးငှာ ပူဇော်ကန်တော့နိုင်ရန် ဘုန်းရှိသည့်မင်းဟူ၍ ဘိသိက်သွန်းကာ ဘွဲ့မည်တော်ကိုလည်းခံယူစေ၏။

ဘွဲ့မည်တော်ကား
“သီရိကရိဘဝနာဒိတျာပဝရပဏ္ဍိတ သုဓမ္မာရာဇာ မဟာဓိပတိ နရပတိစည်သူ” ဟူသော ဘွဲ့အမည်ကို ခံယူစေ၏။မင်းတို့သုံးဆောင်ရာဖြစ်သော မြောက်စည်သံလွင် မင်းခမ်း မင်းနား တို့ကို လည်းဆောင်းနှင်လေ၏။ဘုရားရှင်တို့ စံပါယ်တော်မူရာသော ကျောက်ဖျာသက္တဒါန်ဦးကိုလည်း ဘုရားရုပ်တုတော်ထုလုပ်၍ ဆက်သပေ၏။ထိုဘုရားသည် “ရှင်ဖြူ” ဟူ၍ ဘွဲ့တော်တွင်၏။ ဇမ္ဗု သပြေပင် ဒက္ခိဏသာခါကိုလည်း သိကြားမင်းမှ အပ်လေ၏။ ထိုလက်ခတ်အငုတ်ကိုလည်း ဘုရား ရုပ်တုထု၍ အပ်ပေ၏။ထိုဘုရားကိုမင်းကြီးမှ ကြည်ညို ဖွယ်ရာ သန့်စင်လှပေသည်ဟု ဆိုသဖြင့် “ရှင်လှ” ဘုရားဟု ဘွဲ့တော်သမုတ်၏။ ထိုမှသည် မြင်းမိုရ်တောင်သို့ ဘွားတော်မူလိုသော စိတ်တော်ရှိသည်ဖြစ်၍ သွားအံ့သောငှာ ၊ အစီအရင်တို့ကို စီရင်တော်မူ၏။သိကြားမင်းလည်း ထိုအကြောင်းကို မြင်လေသော် သွား၍ မရောက်နိုင်သောအဖြစ်ကိုမြင်လေသော သွား၍ မရောက်နိုင်သော အဖြစ်ကို မင်းကြီးကြံဘိ၏ တကား ဟူ၍ အထူးထူးသော ပရိယာယ်ဝေဝှစ်တို့ဖြင့် လှည့်ပတ်၍ ဘုရားရှင် သရီရဓာတ်တော် ခြောက်ဆူကိုလည်း အပ်လေ၏။ ကိုယ်ထင်ပြ၍လည်း “မင်းကြီးသည် ဘုရားရှင်သာသနာတော်မြတ် ကို ရွက်ဆောင်ရမည်များသေးသည်။ မြင်းမိုရ်တောင်သို့ သွားခြင်းငှာမသင့်”ဟူ၍ တားမြစ် လေ၏။ မင်းကြီးလည်း နေပြည်တော်သို့ ပြန်တော်မူ လိုသောငှာ လာတော်မူ၏။
ထိုသို့ လာတော်မူ သောအခါ သိကြားအပ်သော ရှင်ဖြူရုပ်တုတော်လည်းစဉ်၍ ရေတွင်ကျခဲ့၏။ ယင်းသို့မှ အလောင်းစည်သူမင်းကြီးလည်း “ငါတောင်းတော်မူသော ဆုမြတ်ကို ရမည်မှန်လျှင် မဏိမေခလာ စသော နတ်တို့သည် ငါ့လှေတော်ကို ဘေးမဲ့ရာအရပ်သို့ ဆောင်ယူပို့သည်ဖြစ်စေသော”ဟူ၍ အဓိဠာန်တော်မူလျှင် နတ်ဘီလူး အပေါင်းတို့သည် လှေတော်အား ဆောင်ယူ၍ ဗလဝါမုခမှ တစ်ပါအား ဘေးမဲ့ရာအရပ်သို့ ပို့ဆောင်လေ၏။
ထိုမှ ရှင်ဖြူရှင်လှ ဘုရားရှင် ရုပ်တုတော်တို့ကို နန်းတော်တွင်ထား၍ ကိုးကွယ် သည်ထက် ခပ်သိမ်းသော သတ္တဝါအပေါင်းတို့ စီးပွားအလို့ငှာ ဘုရားသခင် ကိန်းဝပ်တော် မူလိုရာ တည်ထားရသော် အကျိုးများစွာရှိလတ္တံ့ဟူ၍ ကြံတော်မူပြီးလျှင် ဘုရားရှင် ရုပ်တုတော် နှစ်ဆူကို ဖောင်တော်ထက်တင်၍ ရေသုံးကုဋေ ခြောက်သန်း ၊ ကြည်းသုံးကုဋေ ခြောက်သန်းသော ရဲမက် ဗိုလ်ပါအပေါင်းဝန်းရံလျက် ဆန်တော်မူ၏။ “ဘုရားသခင် ရုပ်တုတော် ကိန်းဝပ်တော်မူလိုသော အရပ်၌ နှုတ်တော်မြွက်သည်ဖြစ်စေသော” ဟူ၍ အဓိဠာန်တော်မူလေ၏။
စစ်ကိုင်းအရပ် ပြာဿ်ဒ်လျ အမော်သို့ရောက်လျှင် ဘီလူး ၊ ငဝက်ဖောင်ကို ခြေနှင့်ကျောက်၍ ဖောင်တော်ပြာဿ်ဒ် ထုပိကာကျချေ၏။ထိုအရပ်ကို “ပြဿဒ်ကျ”ဟူ၍ ခေါ်ဝေါ၏။ရှည်လျားသဖြင့် “ပြဿဒ်လျ” ဟူ၍ တွင်၏။
ထိုမှဆန်တော်မူ၍ စစ်ကိုင်းအထက် ချောက်မသို့ရောက်တော်မူလျှင် ရှင်ဖြူရုပ်တုတော် လည်း “အမြဲနေပင် ဤချောက်တွင်” ဟူ၍ စကားဆိုတော်မူ၏။ အလောင်းစည်သူ မင်းကြီး သည် ထိုအရပ်၌ ဆင်ဖြူဝပ်စေသော ဟူ၍ အဓိဠာန်တော်မူပြီးမှ ဆင်ဖြူကို လွှတ်တော်မူ၏။ ဆင်ဖြူလည်း ချောက်မသို့ဝင်၍ ကမ်းယံတွင်ဝပ်၏။မင်းကြီးလည်း “ကမ်းယံတွင် စေတီတည်၍ မကိုးကွယ်သော ၊ မြင့်သောအရပ်ထက်သို့ တက်၍ ဝပ်စေသော”ဟူ၍ အဓိဠာန်တော်မူပြန်လျှင် ဆင်ဖြူလည်း ကမ်းထိပ်သို့တက်၍ ဝပ်လေ၏။ထိုအရပ်တွင် “ရှင်ဖြူ ရှင်လှ” ရုပ်တုတော်နှစ်ဆူကို ဂူတည်၍ ကိုးကွယ်တော်မူ၏။
ရှင်ဖြူဘုရား
ဉာဏ်တော် – တစ်တောင်နှစ်မိုက် ၊ လေးသစ်
ကိုးကွယ်သောမင်း – အလောင်းစည်သူမင်း
တပ်ဆင်ပူဇော်ထားသော ရတနာများ
ဘော်သားအောက်ခံရွှေသား မကိုဋ်တော် – ထိပ်စိန်တစ်ပွင့်
ရတီချိန်(၁၀)ဘီဇွာ ၊မိုးကုတ်ကျောက်(၂၃)ပွင့် တပ်ဆင်၍
မကိုဋ်တော် အောက်ခံဘော်ပါ ၃၈ကျပ် ၂ပဲသားရှိ၏။
ရွှေကွန်အုပ်ဘုရား
ဉာဏ်တော် -၂တောင်ကမိုက်
ကိုးကွယ်သောမင်း – အလောင်းစည်သူဝင်း
ထီးလင်းရွှေကွန်အုပ်ဘုရားကျောက်စာတွင် သက္ကရာဇ်(၄၅၃) ( အရိမဒ္ဒနာ ) မည်သော ပုဂံပြည်ကြီးရှင် အလောင်းစည်သူမင်းကြီးသည် တိုင်းခွင် လှည့်လည်တော် မူသောအခါ ကွန်းထောက်စခန်းချနော်မူရာ အရပ်ဝယ် ထီးဖြူတော်အလိုလိုပွင့်သည်ကို အကြောင်းပြု၍ “ထီးလင်း”တွင်သော အရပ်၌ ဖောင်တော်ဦးတွင် ရွှေငါးကြင်းလောင် မွှေတော်ဆောင်သည်ကို အဟုတ်ငါးကြောင်း မှတ်ထင်၍ ဖမ်းသော်မရ။ ဤကွန်အုပ်မှရသော အမွေတော်ကို ဌာပနာ တည်ထားတော်မူသည်ကို အစွဲပြု၍ “ရွှေကွန်အုပ်” ဘွဲ့တော်တွင်သောဘုရားအား လှူသော ဟုပါသည်။

ရွှေလင်းပင်ဘုရား
ဉာဏ်တော်-၄တောင်ခန့်၊ ကိုးကွယ်သောမင်း-အလောင်းစည်သူမင်း
တစ်ဆင့်ပူဇော်ထားသော ရတနာများ-နဖူးသင်းကျစ်တော်တွင် စိန်(၉)ပွင့် ၊ ၃ရတီ / ၁၅ဘီဇွာ ၊ ရွှေသားချိန် (၅)ကျပ် ၁၄ပဲ ၊ ၂ရွေးခွဲနှင့် ပြုလုပ်ပူဇော်ထားပါသည်။
မာလာယုံကျွန်း ၊ ယခုအခေါ် မလေးကျွန်းဆွယ်ဘက်သို့ အလောင်းစည်သူမင်းကြီး တိုင်းခန်း လှည့်လည်စဉ် လာရောက်ဖူးမျှော်ကြသော ပရိတ်သတ်အတွင်းမှ ဘီလူးမင်းသမီး၏ ကလေးငယ် ရေ၌ ကျသည်ကိုမြင်၍ “ ငါသို့ ဘုန်းကြီးသော မင်းကို ဖူးမျှော်ရာတွင် ဤသို့ ဖြစ်၍ ကလေးငယ် မသေသင့်ပေ ” ဟု မိန့်ဆိုသည်ကို မဏိမေခလာနတ်သမီးမှ ကြားသိ၍ ကလေးငယ်ကို ဆယ်ယူပြီး ၊ မင်းကြီးသို့ဆက်သ၏။ မင်းကြီးလည်း ကလေးငယ်အား ဘီလူး မင်းသမီးသို့ ပေးအပ်ရာ ၊ မင်းကြီး၏ ကျေးဇူးတရားအား ပူဇော်သောအားဖြင့် “ စကားသား ” အား ဆက်သ၏ ။ မင်းကြီးလည်း နေပြည်တော်သို့ ပြန်ရောက်လျှင် စကားသားဖြင့် ဆင်းတုတော်ကိုးဆူ ထုလုပ် ပူဇော်ခဲ့၏။ ယခုစကားသား ဆင်းတုတော်အား “ ရွှေလင်းပင် ” ဘွဲ့တော်တပ်၍ ပုရင်းစေတီသည် ရွှေဘိုမြို့နယ် စေတုတ္တရာအရပ်၌ ရှိ၏။

Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved