ဖူးမြော်လေ့လာရန်နေရာများ
အညာသီဟတောဘုရား
သိကြားမင်းမှ မိမိ၏ တန်ခိုးဖြင့် လက်လေးသစ်မျှရှိသော ဆင်းတုတော်ငါးဆူကို ထုလုပ် ပေး၏။ထွက်ရှိလာသော စူးစာ ၊ ဆောက်စာများကိုလည်း သစ်စေးသရိုးဖြင့် နယ်ပြီး ဆင်းတုတော် တစ်ဆူ ထပ်မံရရှိလေရာ သရကွန် ငါးဆူ ၊ ဆောက်စာ ၊ စူးစာမြတ်ပေါင်း မဉ္ဇူ ဘုရားတို့ကို ဌာပနာ ရန် ပေးအပ်၏။
အလောင်းစည်သူမင်းကြီးလည်း ဆင်းတုတော်များမှ နိမ့်သဖြင့် ဆင်ခံပလ္လင်ခံရန် အကြံတော် ဖြစ်ပေါ်လာပြန်သည်။ထိုအကြောင်းအား ကျွန်းဉီးစောင့်နတ်သားတို့ ကြာလျှက် ဟိမဝန္တာ၌ ပေါက် သော “ဆင်ရေသဏ္ဍာန် နှင့်တူသည့်သစ်” ကို ပထမ ၊ ဒုတိယ ၊ တတိယ ၊ စတုတ္တ ၊ ပဉ္စမ ၊ ဆဌမ ဟု ကမ္ပည်းအက္ခရာရေးထိုးပြီး ဘုရားရုပ်တုတော်သို့ ရှေ့အသီးသီး တွင် သတ်မှတ်၍ ပန်းပုဆရာများ အား ဆင်ရုပ်ခံပလ္လင်များ ထုလုပ်စေ၏။
ပထမ သရက္ခန်ဘုရာအား ဆင် ၁၅စီး ရှိသောပလ္လင်
ဒုတိယ သရက္ခန်ဘုရာအား ဆင် ၁၄စီး ရှိသောပလ္လင်
တတိယ သရက္ခန်ဘုရာအား ဆင် ၁၃စီး ရှိသောပလ္လင်
စတုတ္တ သရက္ခန်ဘုရာအား ဆင် ၁၂စီး ရှိသောပလ္လင်
ပဉ္စမ သရက္ခန်ဘုရာအား ဆင် ၁၁စီး ရှိသောပလ္လင်
မြတ်ပေါင်းပဉ္ဇူဘုရားအား ဆင် ၁၀စီး ရှိသော ပလ္လင်များပေါ်သို့ အသီးသီးတင်စေ၏။
ထိုသို့ စီမံပြီးသောအခါ သရက္ခန်ဘုရားတစ်ဆူစီနှင့် ဓာတ်တော်နှစ်ဆူစီကို ဗောဓိဘုရား ဆင်းတုတော် တစ်ဆူစီ အတွင်းတွင် ဌာပနာ၍ ရွှေမယ်နလေးချောင်းစီဖြင့် ရိုက်၍ ပိတ်စေ လေသည်။
ဆင်းတုတော်များ တန်ခိုးပြခြင်း
ဆင်းတုတော်များ ထုလုပ်ဌာပနာပြီးသောအခါ အနေကဇာတင်ရန် ကိစ္စကို မင်းကြီးမှ မေးမြန်းရာ ၎င်းင်းဆင်းတုတော်တို့မှာ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်အစစ်များ ဖြစ်သဖြင့် အနေကဇာတင်ရန် မလိုအပ်ကြောင်း ပြောလေသည်။ထိုခဏမှာတင် ဓာတ်တော် ၊ မွေတော်တို့သည် တစ်ပေါင်းတည်းစုရုံး၍ လက္ခဏာတော် ကြီးငယ် ၊ အသွယ်သွယ်တို့နှင့် တကွ ဘုရားရှင်၏ ပုံတော် ဖြစ်ပေါ်လာပြီး ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးတော် မူလေသည်။
“သရကွန် ဆင်းတုတော်များ ကိုးကွယ်ခြင်း”
အလောင်းစည်သူမင်းကြီး၏ ဆရာတော်ဖြစ်သော ရှင်အရဟံမှ “ဤဆင်းတုတော်များကို မင်းကြီး၏ နန်းတော်တွင်ထား၍ ကိုးကွယ်သည်ထက် ဘုရားရှင် သီရိရဓာတ်တော် ကိန်းဝပ်တော် မူလိုသောအရပ်၌ တည်ထားတော်မူခြင်းက သာသနာတော် အတွက်ပို၍ ကျေးဇူးများမည်” ဟု တိုက်တွန်း၏။
သို့အတွက် မင်းကြီးသည် ဘုရားခြောက်ဆူကို လှေပေါ်တွင်တင်၍ ရေအား ၊ ကြည်းအားဖြင့် ဆန်တော်မူလေသည်။ “ဘုရားရုပ်တုတော်ခြောက်ဆူ ကိန်းဝပ်တော်မူလို သောအရပ်၌ တစ်စုံတစ်ခု သော နမိတ်ဩဘာ ထင်ရှားစွာ ပြသည်ဖြစ်စေသော်” ဟု အဓိဠာန် ၍ ဆန်လေတော်မူသည်။
“ပုခန်းကြီးစည်သူရှင်ဘုရား”
ကွန်းရွာသို့ရောက်လျှင် များစွာသော ငှက်တို့သည် ကောင်းကင်တွင် ပျံဝဲကြ၏။ ထိုအကြောင်းကို မေးတော်မူလျှင် ဟူးရားဖြူ ၊ ဟူးရာညိုတို့က ဤအရပ်တွင် မဟာနဝရ သိန္ဒပြည် ဖြစ်လတ္တံ့။ဤအရပ်တွင် ဘုရားရှင် ကိန်းဝပ်တော်မူလိုသည်ဟု လျှောက်၏။ မင်းကြီးလည်း ဆင်းတု တော်များကို ဆင်ဖြူငါးစီးတွင်တင်၍ “ဘုရားရှင် ကိန်းဝပ်တော် မူလိုသော အရပ်တွင် ဆင်ဖြူရပ် စေသော”ဟု အဓိဠာန်ပြု၍ လွှတ်လိုက်၏။ ဆင်ဖြူတော် တစ်စီးသည် က္ကုဒ္ဓိဓတောင်ကုန်းမြေတွင် ရပ်လေ၏။သောတပန်နတ်ကြီးလည်း ဤနေရာသည် ဘုရားအလောင်းတော် အောက်ချင်းငှက်ဖြစ် စဉ်က နေထိုင်ရာအရပ်ဖြစ်သည်ကို လျှောက်၏။မင်းကြီးလည်း ဝမ်းမြောက်စွာဖြင့် ထိုအရပ်တွင် ပထမသရက္ခန်ဆင်းတုတော်ကို လိုဏ်တွင်းပူဇော်ပြီး ဝတ်မိုးဝတ်မြေ လှူဒါန်းခဲ့လေသည်။၎င်းမှာ “ပခန်းစည်သူရှင် ဘုရား” ပင်ဖြစ်လေသည်။
“ဆင်ကျိုးရွှေဂူဘုရား”
ထိုမှစ၍ ဆင်ဖြူတော်များကို လွှတ်ပြန်လျှင် စတုတ္ထသရက္ခန်ဘုရား တင်ထားသော ဆင်တော်သည် တောင်အရပ်သို့ သွားပြီးလျှင် “ကျိုးဟန်ပြု၍”နေလေ၏။ သောတပန် နတ်မင်းကြီး လည်း ကိုယ်ထင်ပြပြီးလျှင် “ဤအရပ်သည် ဘုရားအလောင်းတော် ရွှေဟသ်ာငှက်မင်းဖြစ်စဉ်က နေသောအရပ်တည်း” ဟု ပြောဆို၏။သို့အတွက် မင်းကြီးလည်း ထိုအရပ်မှာပင် စတုတ္ထသရက္ခန် ဆင်းတုတော်ကို ဂူတိုက်ဆောက်လုပ်ကိုးကွယ်စေ၏။၎င်းကို “ဆင်ကျိုးရွှေဂူဘုရား”ဟု ခေါ်ကြ သည်။
“ပခုက္ကူရွှေတန့်တစ်ဘုရား”
ကျန်ရှိသော ဆင်ဖြူနှစ်စီးကို ဆက်၍ စေလွှတ်ရာ ဒုတိယသရက္ခန်တင်သော ဆင်တော်သည် လမ်းတွင် “ဖီလာတန့်တစ်”ပြု၍ တော်ချုံကို နှာမောင်းတင်၍ နေလေ၏။ သောတပန် နတ်မင်းကြီးလည်း “ဤနေရာသည် မြတ်စွာဘုရားတော် ရွှေငါးကြင်းဖြစ်စဉ်က နေခဲ့ရာ အရပ် ဖြစ်သည်”ဟု လျှောက်ထားသဖြင့် ထိုအရပ်တွင် ဒုတိယ သရက္ခန်ဆင်းတုတော်ကို ကိုးကွယ်စေရာ “ရွှေတန့်တစ်ဘုရား”ဟု တွင်လေသည်။
“ရှင်တောင်မ ဘုရား”
တတိယဆင်ဖြူတော်မှာကား ပခန်းကြီးမြို့၏ အနောက်မြောက်ဘက် ကုလလေးတာ သုံးတောင်အကွာရှိတောင်မကြီး၏ အရှေ့မျက်နှာတွင် နှာမောင်းမော့၍ ရပ်နေလေ၏။ ထိုအခါ ပညာရှိတို့က “ ဤနေရာတွင် သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော မုဠော စေတီတော်ရှိ ပါသည်” ဟု လျှောက်ကြ၏။မင်းကြီးသည် မုဠောစေတီကို ထပ်မံ၍ ဂူလိုဏ်ပြု လုပ်စေပြီး တတိယ သရက္ခန် ဆင်းတုတော်ကို ကိုးကွယ်စေလေသည်။
၎င်းရှင်မတောင် ဆင်းတုတော်မှာ ယခုပခန်းကြီးစည်သူရှင်ဘုရားတွင် ကိန်းဝပ်တော် မူလေသည်။
“မြတ်ပေါင်းမဉ္ဇူဘုရား”
မြတ်ပေါင်းမဉ္ဇူဘုရားကို ဆင်တော်တွင်တင်၍ လွှတ်လိုက်ရာ ပခန်းကြီးအရှင်သူမြတ် ၏ ကျောင်းလှေကားဉီးတွင် ရပ်နေ၏။ထို့အတွက် မင်းကြီးသည် မြတ်ပေါင်းမဉ္ဇူဘုရားကို ဂုဏဝန် ၊ သီလဝန် နှင့် ပြည့်စုံသော ပခန်းကြီးအရှင်သူမြတ်အား အပ်၍ ကိုးကွယ်စေသည်။
မြတ်ပေါင်းမဉ္ဇူဘုရားသည်ယခုဘုရားကြီးစည်သူရှင်ဘုရားတွင်ကိန်းဝပ်လျက်ရှိသည်။

ရှေးမြန်မာမင်းများ အဆက်ဆက် ကိုးကွယ်တော်မူခဲ့ပြီး ရွှေသင်္ကန်းများ အထပ်ထပ် ကပ်လှူပူဇော်ခဲ့ကြသော ယခင်တန်ခိုးကြီး အညာသီဟတောဘုရားပုံတော်

၁၉၈၉-၁၉၉၀ ခုနှစ် အစိုးရလက်ထက်တွင် မျက်နှာတော်များ ကိုယ်လုံးတော်များ ပုံဖော်၍ ထုဆစ်ထားသော ယခုအညာသီဟတောဘုရားပုံတော်
ပဉ္ဇမသရက္ခန်ဆင်းတုတော်ဖြစ်သော အဖျားပိုင်းရုပ်တုတော်ကို ဆင်ဖြူတော်သို့ တင်ရာ မလိုက်လိုသောသဘောဖြင့် ပင့်၍မရဖြစ်နေလေ၏။ထိုအကြောင်းကို ပညာရှိတို့အား မေးမြန်း တော်မူရာ “ယခင်အထက်သို့ ဆန်တော်မူလေသောအခါ သီဟတောအရပ်တွင် တောကြက် တစ်ကောင်သည် ဖောင်တော်သို့ပြန်လာ၍ ဗောင်းတော်ခွေအတွင်း ဥချခဲ့၏။ထိုအကြောင်းကို ထိုစဉ်ကမေးတော်မမူ၍ မလျှောက်ခဲ့ရချေ။ယခုဆင်းတုတော်သည်ထိုအရပ်တွင် ကိန်းဝပ်တော် မူလို သည်” ဟု နားတော်လျှောက်၏။
မင်းကြီးလည်း မဉ္ဇမသရက္ခန်ဆင်းတုတော်ကို ဖောင်ပေါ်သို့တင်၍ ဆန်တက်ခဲ့ရာ ဧရာဝတီ မြစ်ညာအလယ်ကျွန်သို့ရောက်လျှင်“ဤကျွန်းကိုမည်သို့ခေါ်သနည်း”ဟုမေးတော်မူ၏။ရွာသားတို့က “ ဂေါတမမြတ်စွာဘုရား အလောင်းတော်သီဟရာဇာ ခြသေ့်မင်းဖြစ်စဉ် အနောက်ဘက်မှ ခုန်သော် ဤကျွန်းတွင် တစ်ထောက်နားပါသည်။ ဤကျွန်းမှ ခုန်ပြန်သော် အရှေ့ဘက်ကမ်း တွင်နေစာ လှုံပါသည်။ ဤကျွန်းပေါ်တွင် ရှိသော စေတီတော်မှာသီရိဓမ္မာ သောကမင်းကြီး၏ ကောင်းမှုတော် ဖြစ်ကြောင်း အစဉ်အဆက် ပြောစကားကို မှတ်သားဖူး ပါသည်” ဟု လျှောက်ထားကြ၏။ မင်းကြီး သည် ထိုစေတီအဟောင်းကို ပြုပြင်၍ ထပ်မံ တည်ဆောက်စေပြီးလျှင် မဉ္စမသရက္ခန် ဆင်းတုတော် ကို ကိုးကွယ်စေလေသည်။
သီဟရာဇာခြသေ့်မင်းစံနေခဲ့ရာတောတွင်တည်ရှိသည်ကိုအစွဲပြု၍ “သီဟတောဘုရား” ဟု အမည်တွင်လေသည်။
စီခြယ်ထားသော ကျောက်မျက်ရတနာမျိုးစုံ
(၁) မကိုဋ်တော်ဘုံဆင့်များနှင့် ထိပ်ဖူး(၁၉၆)ပွင့် ၊
(၂) သင်းကျစ်တော်(စိန် ၄၈ပွင့်ပါ)၁၁၄ပွင့်
(၃) နားကင်းတော်(စိန်ကြီး ၂ပွင့်ပါ)၁၉၄ပွင့်
(၄) ဘယက်တော် ၄၃ပွင့်
(၅) နားသွယ်တော် ၁၈ပွင့်
(၆) ပခုံအုပ် ၂၄ပွင့်
(၇) စလွယ်တော် ၄၈၅ပွင့်
(၈) ဌင်းဇာတာကွင်း ၁၂၀ပွင့်
(၉) ဒုယင်ရှေ့ဘက် ၆၆ပွင့်
(၁၀) ရတနာဆင်ခံ ပလ္လင် ၄၆၂ ပွင့်
(၁၁) ဘုရားရွှေသား မျက်နှာတော် ၃၅ကျပ်သား။
သိကြားမင်းဆက်ကပ်သော “သ-မ္ဗု-ဒ္ဓေ-ယ” ဘွဲ့တံဆိပ်တော်ရ အညာသီဟတော ဘုရားရှိခိုးဂါထာ
သမ္မာ သမဉ္ဇ ဉေ ယျံတော၊
ဗုဇ္ဇိုတွာန ဝိဿရဒံ၊
ဒေတိ လောကေ သီဟနာဒံ၊
ယသဿိံ တံ သဒါနမေ။
ပုညေ နာနေန သဗ္ဗမ္ပိ ၊
သမိဇ္ဇုတု ယထိစ္ဆိတံ။
ယော ဗုဒ္ဓေါ – အကြင်မြတ်စွာဘုရားသည် သမ္ဗာ – မဖောက်မပြန် ၊ သမဉ္ဇ-ကိုယ်တော် တိုင် သာလျှင် ၊ ဉေ ယျံ-ဉေ ယျဓံ တရားငါးပါးကို ဗုဇ္ဇိုတွာန – သိတော်မူပြီး၍ ၊ လောက၌ ၊ ဝိသာရဒံ – ရွံရှာခြင်းကင်းသော ၊ ရဲရင့်စွာသော ၊ သီဟနဒံ – ခြသေ့်မင်း၏ ဟောက်ခြင်း နှင့် တူသော ကြုံးဝါး သော အသံကို ၊ ဒေတိ-ပေးတော်မူတက်၏ ။ ယသဿိံ ကျော်ဇောခြင်း ရှိထ သော ၊ တံဗုဒ္ဓံ-ထိုမြတ်စွာဘုရားကို ၊ သဒါ – အခါခပ်သိမ်း ၊ နမေ-ရှိခိုးပါ၏။အနေနပုညေန-ဤသို့ရှိခိုးရသော ကောင်းမှုကြောင့် ၊ သဗ္ဗမ္ပိ – အလုံးစုံသော ဆုသည်လည်း ယထိစ္ဆိတံ အလိုရှိ တိုင်းသမိဇ္ဇုတု-ပြည့်စုံပါစေသတည်း။
ရွှေမိုးမောက်ဘုရား
ဤရုပ်ပွားတော်သည် သထုံပြည့်ရှင် မနုဟာမင်း ကိုးကွယ်တော်မူသော နှစ်ပေါင်း (၁၀၀၀)ကျော် မှ ဘုရားဖြစ်ကြောင်း ၊ သထုံပြည်မှ ပေါက္ကာရာမသို့ အနောက်ရထာမင်းစော ပင့်ဆောင်လာသော ရုပ်ပွားတော် ၊ ဆင်းတုတော် ၊ ဓာတ်တော် ၊ မွေတော် ၊ ပိဋကတ်တော် များနှင့် ဗုဒ္ဓအံတော်တစ်ဆူပါလာကြွရောက်တော်မူသော ဘုရားကိုယ်တော်မြတ်ဖြစ်သည်။

ဒက္ခိထာသခါဘုရား
ကိုးကွယ်သောမင်း – မဉ္စမသဂ်ါယနာတင်တြားကြီး
မဉ္စမသဂ်ါယနာတင်တြားကြီး နှင့် မဟာဗောဓိမဟန္နကီ ဇော်ဂျီကြီးတို့ မိတ်ဆွေဖြစ်ကြသည့် အတိုင်း ကုသိုလ်တော်များ နှင့် မဟာဗောဓိပင်တော်သို့ စေလွှတ် တော် မူသော မင်းများတွင် ၁၂၃၆ ခုနှစ်၌ ဒက္ခိထာသာခါဘုရားဆင်တုတော်များ ထုလုပ် ကိုးကွယ်တော်မူရန် မဟန္နကီ ဇော်ဂျီ ဘုရား ကြီး ၊ ဆက်သလိုက်သော ဗောဓိသားများကို နန်းတော် အတွင်း ၊ ကိုယ်တော်တိုင် ရွှေစောက် တော် ကိုင်တော်မူလျှက် ပါဝင်ထုလုပ်သော ဘုရား ကိုယ်တော်မြတ်များ ဖြစ်သည် ။ ထုလုပ် ပြီးသည့်အခါတွင်လည်း နေ့ရှည်ရက်များ နန်းတော် တံခါးများ ဖွင့်လှစ်၍ တိုင်းသူပြည်သား ၊ ရဟန်းရှင်လူအများကို ဖူးမျှော်ခွင့်ပြုခဲ့သည်။ ၎င်းအကြောင်းကို စာဆိုတော်တစ်ဦးရေးသည့် သံချိုးသည် အောက်ပါအတိုင်းဖြစ်ပါသည်။

သံချို
ရွှေဘုန်းတော် ကျက်သရေ ၊ တက်နေလို့ ခက်ဝေလောင်းပါဘိ ၊ ထီးတစ်ရာ ပဏာပေါင်းငယ်နှင့်ခညောင်းကာ ညီညာစုံလို့ ၊ မဏ္ဏလမှာလ ၊ ကိန်းသက်ရအောင်နက်သံ။
ပွင့်အလောင်းပေမို့ ၊ ရင့်ကြောင်း (ကို)ကြံတော်မူရန် သယမ္ဘုအောင်မြေမှန်တဲ့ ၊ ညောင်ရွှေလျှံ ၊ လက်ျားကိုင်း ကိုယ်လူတိုင် ၊ လူကြည်ဖူးရအောင် ၊ စိတ်ကူးတော် ကြံပုံလှိုင်၍ ၊ ကိုယ်တော်တိုင် သိင်္ဂီဆောက်ကယ်နှင့် ၊ ဒက္ခိနသာခါမြောက်အောင်လို့ ၊ ချီးမြှောက်သည့် အဓိဌာန်နှင့်နိဗ္ဗာန်သို့ ရည်မှီး။
အများပြည်သူနှင့် ၊ မျိုးမတူအယူကွဲ ၊ စော်ကဲကရင်နှင့် ကချင်ပါဓနု ၊ ရှမ်းရဲပြင် ၊ မှုထမ်းပင်လယ်ခြား ၊ ကုလား တရုတ်ကွဲကသဲတွေ ထွေလို့များတဲ့အပြင် ၊ ပုဏ္ဏားပါမကျန် ကြွင်းရအောင်မူးကြစေ ရွှေဗျာဆင်လို့ ၊ ထွက်အဝင် ရက်စက်ငြောင်းအောင်ပ ၊ ကနက်ရှင် မဂ္ဂင်မှာပေါင်းရအောင် ၊ ဘေးအမြင်အေးရွှင်ပါဘိမန်းမြို့ပြည်ကြီး။
နန်းစဉ်တန်ခိုးကြီး ဆုတောင်းပြည့်ဘုရားများ
ရှေးမြန်မာဘုရင်မင်းမြတ်တို့ ကိုးကွယ်တော်မူကြသော
ရွှေကျီးမြင်စေတီတော် လိုဏ်ဂူတော်အတွင်းသို့ ပင့်ဆောင် ကိုးကွယ်ထားရှိသော မြန်မာမင်းအဆက်ဆက် ကိုးကွယ်ခဲ့ကြသော နန်းစဉ်ဆုတောင်းပြည့် ရုပ်ပွားဆင်းတုတော် များကို ယခင်က တစ်နှစ်လျှင် (၅) ကြိမ်မျှသာ ဖွင့်လှစ်ပူဇော်ခံခဲ့ရာ ယခုအခါတွင် ရဟန်းရှင် လူပြည်သူအများ အမြဲထာဝစဉ် ဖူးမြော်ကြည်ညိုပူဇော်နိုင်ကြာစေရန်။
လိုဏ်ဂူတော်ကြီးအတွင်း အသစ်ဆောက်လုပ် လှူဒါန်းထားသော မှန်ကျောင်းဆောင် တော်ကြီးအတွင်းသို့ ပင့်ဆောင် သီတင်းသုံးတော်မူပြီးဖြစ်ပါ၍ နေ့စဉ် နံနက်(၇)နာရီမှ ညနေ (၅)နာရီထိ ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
Developed by MIIT, Mandalay, Myanmar. © Copyright 2024 All rights reserved